ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် ပွဲစဉ်များဆက်တိုက်ကစားရဖွယ်ရှိသဖြင့် ကစားသမားများ ဒဏ်ရာရရှိနိုင်ခြေ ၂၅ ရာခိုင်နှုန်းပိုများကြောင်း စစ်တမ်းတစ်ရပ်ဖော်ပြ

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် ပွဲစဉ်များဆက်တိုက်ကစားရဖွယ်ရှိသဖြင့် ကစားသမားများ ဒဏ်ရာရရှိနိုင်ခြေ ၂၅ ရာခိုင်နှုန်းပိုများကြောင်း စစ်တမ်းတစ်ရပ်ဖော်ပြ
Published 28 May 2020

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ချိန်တွင် ပွဲစဉ်များဆက်တိုက်ကစားရဖွယ်ရှိသဖြင့် ကစားသမားများ ဒဏ်ရာရရှိနိုင်ခြေ ၂၅ ရာခိုင်နှုန်းပိုများကြောင်း စစ်တမ်းတစ်ရပ်အရ သိရသည်။

ယင်းစစ်တမ်းကို ကမ္ဘာတစ်ဝန်းရှိ ပရော်ဖက်ရှင်နယ်ဘောလုံးကလပ် ၃၅ သင်းနှင့် လက်တွဲဆောင်ရွက်နေသည့် Zone 7 က ထုတ်ပြန်ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ဒဏ်ရာအန္တရာယ်ဖြစ်နိုင်ခြေရှိသည့် အခြေအနေကို အထူးလေ့လာထားကြောင်း သိရသည်။

Zone 7  ၏ လေ့လာတွေ့ရှိချက်အရ ရက် ၃၀ အတွင်း ပွဲစဉ်ရှစ်ပွဲကစားရပါက ကစားသမားများ ဒဏ်ရာရနိုင်ခြေမှာ လေးပွဲ (သို့မဟုတ်) ငါးပွဲကစားသည့်အခြေအနေထက် ၂၅ ရာခိုင် နှုန်းအထိပိုများကြောင်း သိရသည်။

ရက် ၃၀ အတွင်း ရှစ်ပွဲကစားရခြင်းမှာ ပုံမှန်ကြုံတွေ့ရလေ့ရှိသည့် အခြေအနေဖြစ်သော်လည်း ကစားသမားအားလုံး၏ လေးရာခိုင်နှုန်းသာ ယင်းကဲ့သို့ ရာသီတစ်လျှောက်လုံး ပွဲစဉ်များစွာ ကစားရသည်ဟု ဆိုသည်။

ဥပမာအားဖြင့် မေ ၁၆ ရက်တွင် ပြန်လည်စတင်ခဲ့သည့် ဘွန်ဒစ်လီဂါပြိုင်ပွဲသည် မေ ၇ ရက်မှသာ တရားဝင်ကြေညာခဲ့သောကြောင့် ကလပ်အသင်းများမှာ ပြင်ဆင်ချိန် ကိုးရက်သာရရှိခဲ့သည်။

ထို့ကြောင့် မေ ၁၆ ရက်တွင်ကစားသည့် ပွဲစဉ် ခြောက်ပွဲအနက် ဒဏ်ရာရကစားသမားရှစ်ဦး ရှိခဲ့ပြီး ဒဏ်ရာရရှိမှုအချိုးမှာ ပုံမှန်အခြေ အနေထက် ပိုများကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲက ဆောင်ရွက် နေသည့် Project Restart အစီအစဉ်အရ ဇွန် ၂၀ ရက်တွင် ပြန်လည်စတင်နိုင်ဖွယ်ရှိပြီး အမှတ်ပေးဇယား ဒုတိယနေရာမှ လက်ရှိချန်ပီယံ မန်စီးတီးအသင်းအနေဖြင့် ၄၉ ရက် အတွင်း ပွဲစဉ် ၁၃ ပွဲအထိ ကစားရဖွယ်ရှိနေသည်။

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အခြားထိပ်သီးပြိုင်ဘက်များထက် တစ်ပွဲလျော့နေပြီး ၂၈ ပွဲသာ ကစားရသေးသဖြင့် လက်ကျန် ၁၀ ပွဲ ကစားရမည်ဖြစ်သလို ချန်ပီယံလိဂ်တွင်လည်း ၁၆ သင်းအဆင့် ဒုတိယအကျော့၊  ဖလားပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ်ပွဲစဉ်များ ထပ်မံကစားရဦးမည်ဖြစ်သောကြောင့် ပွဲစဉ်များ ဆက်တိုက်ကစားရမည့်အခြေအနေ ရင်ဆိုင်နေရသည်။

ဝက်ဖို့ဒ်အသင်းနည်းပြ ပီယာဆန်၊ နယူးကာဆယ်အသင်းနည်းပြ စတိဗ်ဘရုစ်နှင့် မန်စီးတီးအသင်း တောင်ပံကစားသမား စတာလင်တို့ကလည်း အသင်းလိုက် စုစည်းလေ့ကျင့်ချိန် နည်းပါးပါက ပြိုင်ပွဲများအတွက် ပြင်ဆင်မှု အခက်တွေ့နိုင်ကြောင်း သုံးသပ် ပြောကြားထားသည်။

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လအတွင်း ပြီးစီးအောင် ကျင်းပဖြစ် ပါက နွေရာသီအပြောင်းအရွှေ့ကာလကို စက်တင်ဘာ ၃ ရက်မှ အောက်တိုဘာ ၅ ရက် အထိ တစ်လကျော်ကြာခွင့်ပြုသွားရန် တာဝန်ရှိသူများက စီစဉ်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ရာသီကို စက်တင်ဘာ ၁၂-၁၃ ရက်တွင် စတင်နိုင်ရန် မျှော်မှန်းထားကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။

 

Most Read

Most Recent