အာဆင်နယ်အသင်းကို ဘယ်တော့မှပြန်လည်ကိုင်တွယ်မည်မဟုတ်ဟု အာစင်ဝင်းဂါး ပြောကြား

အာဆင်နယ်အသင်းကို ဘယ်တော့မှပြန်လည်ကိုင်တွယ်မည်မဟုတ်ဟု အာစင်ဝင်းဂါး ပြောကြား
Published 25 May 2020

အာဆင်နယ်အသင်း၏ နည်းပြဟောင်းဖြစ်သူ အာစင်ဝင်းဂါးက မိမိအနေဖြင့် အာဆင်နယ်အသင်းကို ဘယ်တော့မှ ပြန်လည်ကိုင်တွယ်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းကို ၁၉၉၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နှစ်ပေါင်း (၂၂)နှစ်ကြာ ကိုင်တွယ်ခဲ့သည့် အာစင်ဝင်းဂါးက beIN Sports ရုပ်သံနှင့် တွေ့ဆုံရာ၌ ''ကျွန်တော် အာဆင်နယ်အသင်းကို ပြန်လာရမှာလား။ ကျွန်တော် ဟိုးအရင်ကတည်းက ပြောခဲ့ပြီးပါပြီ။ ကျွန်တော့်အနေနဲ့ အာဆင်နယ်အသင်းကို လုံးလုံးလျားလျား စွန့်ခွာခဲ့တာပါ။ ကျွန်တော် ဒီဆုံးဖြတ်ချက်ကို သေသေချာချာစဉ်းစားပြီးမှ ချမှတ်ခဲ့တာပါ။ ဒီအသင်းမှာ ကျွန်တော် ပွဲပေါင်း(၁၂၃၅)ပွဲ ကိုင်တွယ်ခဲ့ပါတယ်။ ဒီအသင်းနဲ့အတူ ကျွန်တော် အကောင်းဆုံး အချိန်တွေ၊ အဆိုးဆုံးအချိန်တွေ ဖြတ်သန်းခဲ့ပြီးပါပြီ။ အသင်းရဲ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာကိုလည်း ကျွန်တော် အမြဲကာကွယ်ခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား(၃)ကြိမ်၊ FAဖလား (၇)ကြိမ်နှင့် ကွန်မြူနတီဒိုင်း(၇)ကြိမ် ဆွတ်ခူးခဲ့သည်။

သူ၏နည်းပြဘဝတွင် အာဆင်နယ်အသင်းများအပြင် ပြင်သစ်ကလပ်အသင်းများဖြစ်သည့် နန်စီနှင့် မိုနာကို၊ ဂျပန်ကလပ် နာဂိုယာဂရမ်းပတ်စ်အသင်းများကို ကိုင်တွယ်ခဲ့သည်။

လက်ရှိတွင် အသက်(၇၀)အရွယ်ရှိပြီဖြစ်သူ အာစင်ဝင်းဂါးသည် ဖီဖာ၏ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

 

Most Read

Most Recent