ပရီးမီးယားလိဂ်ကလပ်များ လေ့ကျင့်မှုပြန်လည်စတင်ပါက ငါးဦးတစ်ဖွဲ့ လေ့ကျင့်ရမည်ဖြစ်ပြီး ထိတွေ့မှုနည်းစေရန် ဘောလုံးလုယူခြင်းကို ကန့်သတ်တားမြစ်မည်ဖြစ်ကြောင်း BBC ဖော်ပြ

ပရီးမီးယားလိဂ်ကလပ်များ လေ့ကျင့်မှုပြန်လည်စတင်ပါက ငါးဦးတစ်ဖွဲ့ လေ့ကျင့်ရမည်ဖြစ်ပြီး ထိတွေ့မှုနည်းစေရန် ဘောလုံးလုယူခြင်းကို ကန့်သတ်တားမြစ်မည်ဖြစ်ကြောင်း BBC ဖော်ပြ
Published 14 May 2020

ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် လေ့ကျင့်မှုပြန်လည်စတင်ပါက ငါးဦးတစ်ဖွဲ့ လေ့ကျင့်ရမည်ဖြစ်ပြီး ထိတွေ့မှုနည်းစေရန် ဘောလုံးလုယူခြင်း ကန့်သတ်တားမြစ်မည်ဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

လေ့ကျင့်မှုအစီအစဉ်စတင်ပြုလုပ်ပါက လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို မေ ၁၂ ရက်တွင် ကစားသမားများနှင့် နည်းပြများထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး Social Distancing ညွှန်ကြားချက်ကို တင်းကျပ်စွာချမှတ်ထားကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။ 

ပရီးမီးယားလိဂ်တာဝန်ရှိသူများအနေဖြင့် လေ့ကျင့်မှုအစီအစဉ်ကို တနင်္လာနေ့ (မေ ၁၈ ရက်) တွင် စတင်နိုင်ရန် မျှော်မှန်းထားပြီး ၇၅ မိနစ်သာ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ထောင့်ကန်ဘောအလံတိုင်၊ ဘောလုံး၊ ဂိုးတိုင်နှင့် မြက်ခင်းပြင်အပါအဝင် အသုံး အဆောင်ပစ္စည်းများကို လေ့ကျင့်မှုပြုလုပ်ပြီးတိုင်း ပိုးသတ်ရန်၊ ကစားသမားများအနေဖြင့် တစ်ပတ်လျှင်နှစ်ကြိမ် COVID-19 စစ်ဆေးမှုပြုလုပ်ရန်၊ နေ့စဉ်လေ့ကျင့်မှုမလုပ်မီ အပူချိန်တိုင်းတာရန်၊ လေ့ကျင့်ရေးကွင်းသို့ လာရောက်ခြင်းနှင့် ပြန်ရာတွင် အတူသွားလာခြင်းမပြုရန်၊ အသင်းဘတ်စ်ကားနှင့် အများသုံးယာဉ်များ အသုံးမပြုရန်၊ ကားအတွင်းပိုင်းကို သန့်ရှင်းရေးပုံမှန်ပြုလုပ်ရန်၊ လေ့ကျင့်ရာတွင် ဘောလုံးလုယူခြင်းကို ကန့်သတ်တားမြစ်ရန် စသည့်အချက်များကိုလည်း လိုက်နာရ မည်ဖြစ်သည်။

အင်္ဂလန်နှင့် ဝေးလ်စ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူများအနက် လူမည်းအမျိုးသားနှင့် အမျိုးသမီးအရေအတွက်မှာ လူဖြူများထက် နှစ်ဆနီးပါးပိုများသဖြင့် လူမည်းအနွယ်ဝင်များ ပွဲကစားရန် ပြန်လာခြင်း (သို့မဟုတ်) ပန်းနာရင်ကြပ်ကဲ့သို့ ကျန်းမာရေးအခြေအနေရှိသူများအတွက် စိုးရိမ်ပူပန်မှုများရှိနေကြောင်းလည်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

■ ပရီးမီးယားလိဂ်ပြန်လည်စတင်ရန် အရေးပါသောရက်စွဲများ

မေ ၁၃ ရက်    -    ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအတွက် ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ် (PFA) နှင့် လိဂ်မန်နေဂျာများအဖွဲ့ချုပ် (LMA) အဖွဲ့ဝင်များ ဆွေးနွေး။

မေ ၁၄ ရက်    -    ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအတွက် ပရီးမီးယားလိဂ်နှင့် PFA၊ LMA အဖွဲ့ဝင် များ ဆွေးနွေးမည်။ ယဉ်ကျေးမှုဝန်ကြီးနှင့် ဘောလုံးအာဏာပိုင်များ ဆွေးနွေးမည်။

မေ ၁၈ ရက်    -    ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဆွေးနွေးပွဲ ထပ်မံပြုလုပ်မည်။ ပရီးမီးယားလိဂ်ကစားသမားများ ကနဦးအဆင့် အစုအဖွဲ့ဖြင့် လေ့ကျင့်ခွင့်ရမည်။

မေ ၂၅ ရက်    -    လိဂ်ပြိုင်ပွဲစတင်မည့်ရက်နှင့် အစီအစဉ်များကို UEFA ထံ နောက်ဆုံးထားပေးပို့ရမည်။

ဇွန် ၁ ရက်    -    အားကစားပြိုင်ပွဲများ ကွင်းပိတ်၍ စတင်ကျင်းပရန် အစိုးရက ခွင့်ပြုထားသည်။

ဇွန် ၁၂ ရက်    -    ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်နိုင်ရန် မျှော်မှန်းထားသည်။

Most Read

Most Recent