NLD ပါတီထံအယူခံဝင်ရန် စဉ်းစားဆဲဖြစ်ပြီး အခြားပါတီများသို့ ကူးပြောင်းရန်မရှိဟု ပါတီဝင်အဖြစ် ရုပ်သိမ်းခံရသည့် ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

NLD ပါတီထံအယူခံဝင်ရန် စဉ်းစားဆဲဖြစ်ပြီး အခြားပါတီများသို့ ကူးပြောင်းရန်မရှိဟု ပါတီဝင်အဖြစ် ရုပ်သိမ်းခံရသည့် ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 11 May 2020
ဉာဏ်လင်းထွန်း

NLD ပါတီဝင်အဖြစ်မှ ရုပ်သိမ်းခံရမှုနှင့်ပတ်သက်၍ အယူခံတင်သွင်းရန် စဉ်းစားဆဲဖြစ်ပြီး မဲဆန္ဒနယ်မှ ပြည်သူများက အယူခံဝင်၍ ပါတီတွင်ဆက်လက်နေစေလိုသည့် ဆန္ဒရှိကြကြောင်း ဗိုလ်တထောင်မြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး (ခ) မေစိုးက ပြောကြားသည်။

ဆိုရှယ်မီဒီယာတွင် အစိုးရကိုထိပါးစေသည့် ဝေဖန်ရေးသားမှုများနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရမည့်ကိစ္စများကို ဆောင်ရွက်မှုမရှိခြင်းကြောင့်ဟုဆိုကာ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးကို NLD ပါတီဝင်အဖြစ်မှ ရုပ်သိမ်းကြောင်း မေ ၃ ရက်ကပြုလုပ်သည့် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ ၂၀၂၀ ပါရေး၊ မပါရေးက ကျွန်မအတွက် ဒီလောက်အရေးမကြီးပါဘူး။ ပြည်သူအတွက် လုပ်ပေးချင်တာပဲ။ တစ်ချိန်လုံး ဆက်ပြီးတော့ ပြောနေတာပေါ့နော်။ အယူခံဝင်ပေးပါ။ ပြန်ပါပေးပါဆိုပြီး။ အယူခံဝင်တာတော့ ဝင်လို့ရပါတယ်။ ပြန်ပါရေး၊ မပါရေးကတော့ ပါတီက ဆုံးဖြတ်မှာဆိုတော့ သေချာလှတယ်တော့ မဟုတ်ဘူးပေါ့နော်။ ကျွန်မ စဉ်းစားပါဦးမယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ပြောကြားသည်။

ထိုသို့ ပါတီဝင်အဖြစ်မှ ရုပ်သိမ်းခံရမှုကြောင့် အခြားသောနိုင်ငံရေးပါတီများသို့ ကူးပြောင်းရန်မရှိကြောင်း ဒေါ်မေစိုးက ပြောကြားသည်။

“ မရှိပါဘူး။ ဘာမှမရှိပါဘူး။ နဂိုတည်းက ကျွန်မခေါင်းဆောင်ကို ချစ်တယ်။ အခုချိန်အထိလည်း အန်တီစုကို ချစ်တယ်။ ပါတီကိုလည်း ချစ်ပါတယ်။ ပါတီကဆုံးဖြတ်တဲ့ဟာ မတရားဘူးလို့ မှတ်ယူတာပါ။ ဘယ်သူ့ကိုမှ မမုန်းပါဘူး။ အရင်တုန်းကလည်း မတရားတာကို အမှန်အတိုင်းဖြစ်ချင်လို့ ဒီမိုကရေစီ တောင်းဆိုပြီးတော့ NLD ပါတီကို ယုံယုံကြည်ကြည်ဝင်ခဲ့တာမို့ အရင်တုန်းက အန်တီတို့ ပြောခဲ့တဲ့အတိုင်း ပြည်သူ့ဆန္ဒက အဓိက ဆိုတဲ့အတွက် ပြည်သူ့ဆန္ဒကိုပဲ ဖော်ထုတ်တာ ဖြစ်ပါတယ်။ ကျွန်မဆန္ဒမဟုတ်ပါဘူး” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ပြောကြားသည်။

COVID-19 ဖြစ်ပွားနေသည့် ဧပြီလကုန်ပိုင်းက ကျောက်တံတားမြို့နယ် ၃၈ လမ်းရှိ ပျံကျစျေးသည်များကို ဗိုလ်တထောင်မြို့နယ်ရှိ ချမ်းမြေ့စျေးသို့ ပြောင်းရွှေ့ရောင်းချစေမှုနှင့်ပတ်သက်၍ ဒေါ်မေစိုးက ၎င်း၏ Facebook အကောင့်တွင် ဝေဖန်ရေးသားမှုများ ရှိခဲ့သည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ကျောက်တတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက NLD ပါတီထံ တင်ပြတိုင်တန်းမှုအပေါ် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က သုံးသပ်၍ ပါတီဝင်အဖြစ်မှ ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း မေ ၅ ရက်တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က NLD ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌထံပေးပို့သည့် အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ဒေါ်မေစိုးကို ပါတီမှထုတ်ပယ်သည့် အရေးယူမှုနှင့်ပတ်သက်၍ အယူခံတင်သွင်းနိုင်ပြီး အယူခံအပေါ်မူတည်၍ ပါတီမှ ပြန်လည်စဉ်းစားဆုံးဖြတ်မည်ဟု NLD ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောကြားထားသည်။

NLD ပါတီသည် ယခင်ကလည်း လွှတ်တော်ကိုယ်စားလှယ်အချို့ကို ပါတီ၏ စည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒများနှင့် လိုက်ပါဆောင်ရွက်ခြင်းမရှိသည့် အကြောင်းပြချက်ဖြင့် ပါတီမှ ထုတ်ပယ်မှုများ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့သည် NLD ပါတီမှ ထုတ်ပယ်ခံရပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီကို ဦးဆောင် တည်ထောင်ခဲ့ကြပြီး ယင်းသို့ NLD ပါတီမှ ထုတ်ပယ်ခံရသည့် အခြားသော လွှတ်တော်ကိုယ်စားလှယ်အချို့ ဝင်ရောက်ပူးပေါင်းမှုများ ရှိခဲ့သည်။

Most Read

Most Recent