မြန်မာနိုင်ငံ နေရာအနှံ့တွင် မေလ၏ ပျမ်းမျှအပူချိန်ထက် အနည်းဆုံး နှစ်ဒီဂရီစင်တီဂရိတ်မှ အများဆုံး လေးဒီဂရီစင်တီဂရိတ်အထိ ပိုမိုပူပြင်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေ ၆ ရက် မိုးလေဝသအခြေအနေ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်၌ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း၊ နေ့အပူချိန်များသည် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ထက် သုံးဒီဂရီစင်တီဂရိတ်မှ လေးဒီဂရီစင်တီဂရိတ်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ထက် နှစ်ဒီဂရီ စင်တီဂရိတ် ပိုခဲ့ပြီး ချင်းပြည်နယ်၌ မေလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။
ထူးခြားသည့် နေ့အပူချိန်များအနေဖြင့် ချောက်မြို့တွင် ၄၆ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်နှင့် မုံရွာမြို့၊ မြင်းမူမြို့၊ မင်းဘူးမြို့၊ အောင်လံမြို့၊ ပခုက္ကူမြို့၊ တောင်တွင်းကြီးမြို့၊ ဆင်ဖြူကျွန်းမြို့၊ တောင်ငူမြို့၊ သာယာဝတီမြို့၊ ညောင်လေးပင်မြို့၊ ကြို့ပင်ကောက်မြို့နှင့် ဘော်လခဲမြို့တို့ တွင် ၄၂ ဒီဂရီစင်တီဂရိတ်စီ ဖြစ်ကြောင်း၊ မှတ်သားဖွယ်ရာ မိုးရေချိန်များအနေဖြင့် မြစ်ဆုံ၌ သုည ဒသမ ၁၂ လက်မနှင့် ကျောက်ထုမြို့တွင် သုည ဒသမ ၁၀ လက်မစီ ရွာသွန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် မေ ၆ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အားပျော့သွားပြီ ဖြစ်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း သိရသည်။
မေ ၇ ရက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ကာ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
ယင်းအပြင် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ငါးပေမှ ရှစ်ပေခန့်ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။















