COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို အမေရိကန်အစိုးရက ဒေါ်လာ ၉ ဒသမ ၅ သန်းကျော် အကူအညီပေးမည်ဟု ကတိကဝတ်ပြုထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ် က ပြောကြားသည်။
မေ ၆ ရက်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်လွှင့်ခဲ့သည့် အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်၏ သတင်းစကား ဗီဒီယိုဖိုင်တွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
"မကြာသေးခင်ကပဲ အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၉ ဒသမ ၅ သန်းကျော် အကူအညီပေးဖို့ ကတိကဝတ်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် အသုံးပြုဖို့ပါ"ဟု သံအမတ်ကြီး စကော့မာစီရယ်က ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၂၈ ရက်က COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ဒေါ်လာ ၇.၃ သန်းကျော် အကူအညီပေးရန် သံရုံးက ထုတ်ပြန်ပြန်ပြီးနောက် ဒေါ်လာ ၉ ဒသမ ၅ သန်းအထိ ထပ်တိုးကူညီမည်ဟု သံအမတ်ကြီးက ထပ်မံအသိပေးခြင်း ဖြစ်သည်။
အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှတစ်ဆင့် အကူအညီပေးနေကြောင်း၊ COVID-19 ကို မည်သို့ ကာကွယ်တုံ့ပြန်မည်နည်း ဆိုသည့်အကြောင်း လူများပိုမို သိရှိလာစေရန်အတွက် ပညာပေး လက်ကမ်းစာစောင်များကို ဘာသာစကားမျိုးစုံဖြင့် ထုတ်လုပ် ဖြန့်ဝေနေကြောင်း၊ ရောဂါပိုးစစ်ဆေးမှု ပိုမိုအရှိန်မြှင့်တင်ရာတွင် ဓာတ်ခွဲခန်းများကို ပိုမိုအားဖြည့် ပေးနိုင်ရန်အတွက် သင်တန်းများ၊ ပစ္စည်းကိရိယာများ ကူညီပံ့ပိုးနေကြောင်း၊ ရောဂါပိုး ကူးစက်ခံထားရသူနှင့် ထိတွေ့မှု ရှိကောင်းရှိနိုင်သည့်သူများကို အသိပေးခြင်း အပါအဝင် ရောဂါစောင့်ကြည့်မှုနှင့် Case များကို ပို၍ ရှာဖွေဖော်ထုတ်နိုင်ရန် အကူအညီပေးနေကြောင်း၊ ပဋိပက္ခဘေးသင့်ဒေသများ အပါအဝင် ရောဂါကူးစက်မှု ပြန့်ပွားမှုကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် တုံ့ပြန်ပြီး ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများကို အကူအညီပေးနေကြောင်း သံအမတ်ကြီး စကော့မာစီရယ်က ဆိုသည်။
ထို့ပြင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးလုပ်သားများအတွက် ရောဂါတုံ့ပြန်ရာတွင် နောက်ဆုံး သတင်းအချက်အလက်များ ရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူးစက်ပြန့်ပွားမှုဆိုင်ရာ အကြီးတန်းပညာရှင်များနှင့်အတူ လက်တွဲပြီး ဆောင်ရွက်ပေးနေကြောင်း၊ USAID နှင့် CDC အပါအဝင် အမေရိကန်ပြည်ထောင်စုက ကျန်းမာရေးအဖွဲ့သားများသည် မြန်မာနိုင်ငံတွင် ၂၀၁၂ ကတည်းက ရှိနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားရန် ကတိကဝတ်ပြုထားကြောင်းကိုလည်း သံအမတ်ကြီးက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအတွင်း ကျန်းမာရေးကဏ္ဍ တိုးတက်စေရန်အတွက် အကူအညီပေးမှု အနေဖြင့် ၂၀၁၂ ခုနှစ်ကတည်းက စမည်ဆိုလျှင် ဒေါ်လာ ၁၇၆ သန်းရှိပြီ ဖြစ်ကြောင်းနှင့် ယင်းကာလအတွင်း မြန်မာနိုင်ငံအတွက် အမေရိကန်ပြည်ထောင်စု၏ ဘက်ပေါင်းစုံအကူအညီ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ထဲမှ အစိတ်အပိုင်းတစ်ရပ် ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေ ၆ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်း ၁၆၁ ဦး၊ ကုသမှုခံယူပြီး ရောဂါပိုး ကင်းစင်လာသူ ၅၀ ဦးနှင့် သေဆုံးလူနာ ခြောက်ဦးရှိကြောင်း သိရသည်။















