မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပင်းချောင်းအတွင်းနှင့် ပင်းချောင်းအနီးဝန်းကျင်တွင် ဇန်နဝါရီလပိုင်းက စတင်စိုက်ပျိုးခဲ့ပြီး ဧပြီလအတွင်းက နုတ်သိမ်းခဲ့သည့် ကြက်သွန်နီများ အထွက်နှုန်း ကောင်းခဲ့သော်လည်း စျေးအေးနေပြီး COVID-19 ကြောင့် ရေရှည်အထိ စျေးမတက်မည်ကိုု တောင်သူများ စိုးရိမ်နေကြကြောင်း သိရသည်။
ပင်းချောင်းအတွင်း သဘာဝစိမ့်စမ်းရေ စတင်ထွက်ရှိသည့် ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်း ကျေးရွာအုုပ်စုအတွင်းမှစ၍ ဧရာဝတီမြစ်နှင့် ပင်းချောင်းတို့ ပေါင်းဆုုံသည့် ဘုရားကုန်း၊ ပင်းဝကျေးရွာများအထိ ပွင့်လင်းရာသီတွင် ကြက်သွန်နီကို အမြောက်အမြား စိုက်ပျိုးလေ့ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတု သာယာမှုကြောင့် ယခင်နှစ်များထက် ထူးခြားစွာ ကြက်သွန်နီထွက်နှုန်းများ ကောင်းမွန်ခဲ့ကြောင်း သို့သော် ရာသီပေါ်စမှ ယခု မေလဆန်းပိုင်းအထိ ကြက်သွန်နီစျေးသည် တစ်ပိဿာလျှင် ကျပ် ၄၀၀ ဝန်းကျင် တွင်သာရှိပြီး COVID-19 ကြောင့် ရေရှည်အထိ စျေးမတက်မည်ကို တောင်သူများ စိုးရိမ်နေကြကြောင်း သိရသည်။
“ကြက်သွန်တွေက ကောင်းလွန်းပြီး တချို့စိုက်ခင်းတွေမှာဆိုု ကြက်သွန်ဥတွေက ကြီးလွန်းနေတော့ ရောင်းတန်းတောင် သိပ်မဝင်ဘူး ဖြစ်နေပါတယ်။ ရာသီဥတုက ကြက်သွန်နီကြိုက်တဲ့ ရာသီမျိုးဖြစ်ခဲ့လို့ ထွက်နှုန်းတွေက မထင်မှတ်လောက်အောင် ကောင်းခဲ့ပါတယ်။ ကြက်သွန်ပေါ်စကတည်းက အခုထိ စျေးက အေးလွန်းနေတော့ ဒီကိုဗစ်ကာလကြီး ပြီးတဲ့အထိမှ စျေးမတက်ဘဲ လမ်းကြောင်းတွေလည်း မပွင့်ဘူးဆိုရင် တွေးပူမိပါတယ်။ ကြက်သွန်က ရေရှည်ထားရင်ထားသလို အချိန်လျော့ပြီး အပုပ်တွေလည်း များတတ်တာကြောင့်ပါ”ဟု ရေနံချောင်းမြို့နယ် ညောင်စောက်ချောင်းကျေးရွာမှ ကြက်သွန်နီစိုက် တောင်သူတစ်ဦးက ပြောကြားသည်။
ကြက်သွန်နီစျေးကွက်သည် ပြည်တွင်း စားသုုံးမှုထက် နိုုင်ငံခြားသိုု့ တင်ပို့မှုအပေါ်တွင် ပိုမိုမူတည်ကြောင်း၊ ယခင်နှစ်က နိုင်ငံခြားဝယ်လိုအား များပြားမှုကြောင့် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀ စျေးအထိ စံချိန်တင် စျေးမြင့်တက်ခဲ့ကြောင်း၊ ထိုသို့ စျေးမြင့်တက်ခဲ့မှုကို မျှော်လင့်၍ ယခုနှစ်တွင် ကြက်သွန်နီကိုု စိုုက်ပျိုးသူ ပိုမိုများပြားခဲ့ကာ အထွက်နှုန်း ကောင်းမွန်ခဲ့ကြောင်း၊ တောင်သူအများစုသည် စျေးတက်လာရန် မျှော်လင့်၍ လက်ရှိ အနည်းငယ်ကိုသာ ရောင်းချကြသေးကြောင်း ၊ အချို့နှစ်များတွင် နှစ်နှစ်ပတ်လည်အထိ ကြက်သွန်နီကို တက်စျေးမျှော်၍ သိုလှောင်ထားကြသော်လည်း ရာသီပေါ်စကခန့်ပင် စျေးမရရှိမှုကြောင့် ကြက်သွန်နီစိုက်တောင်သူများ အရှုံးကြီးခဲ့ဖူးကြောင်း သိရသည်။















