ပြည်ပရောက်မြန်မာများ ပြန်လာနိုင်ရန် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပျံသန်းမည့် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များတွင် စင်ကာပူနိုင်ငံမှပြန်လာမည့် ခရီးသည် ၁၀၀၀ ကျော်ရှိပြီး မေ ၇ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ၁၄၆ ဦး ပြန်လည်လိုက်ပါလာမည်

ပြည်ပရောက်မြန်မာများ ပြန်လာနိုင်ရန် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပျံသန်းမည့် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များတွင် စင်ကာပူနိုင်ငံမှပြန်လာမည့် ခရီးသည် ၁၀၀၀ ကျော်ရှိပြီး မေ ၇ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ၁၄၆ ဦး ပြန်လည်လိုက်ပါလာမည်
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၏ Relief Flight ဖြင့် လိုက်ပါမည့်သူများအား အင်ချွန်းလေဆိပ်တွင်တွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၏ Relief Flight ဖြင့် လိုက်ပါမည့်သူများအား အင်ချွန်းလေဆိပ်တွင်တွေ့ရစဉ်
Published 6 May 2020
ရွှန်းလဲ့ဝင်း

ပြည်ပရောက်မြန်မာများ ပြန်လာနိုင်ရန် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပျံသန်းမည့် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များတွင် စင်ကာပူနိုင်ငံမှ ပြန်လာမည့် ခရီးသည်ဦးရေတစ်ထောင်ကျော်ရှိပြီး မေ ၇ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ခရီးသည် ၁၄၆ဦး ပြန်လည်လိုက်ပါလာမည်ဖြစ်ပြီး ဒုတိယအကြိမ် ခရီးစဉ်တွင်လည်း ခရီးသည် ၁၄၆ ဦး လိုက်ပါလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ မြန်မာအမျိုးသားလေကြောင်းအနေနဲ့ စတင်ပျံသန်းမယ့် Relief Flight တွေကို စင်ကာပူနိုင်ငံကို စတင်ပျံသန်းမှာဖြစ်ပြီး မေ လ ၇ ရက်နဲ့ ၉ ရက်နေ့တွေမှာ ပျံသန်းဖို့ စီစဉ်ထားပါတယ်။ Relief Flight အဖြစ် ရန်ကုန်ကနေ စင်ကာပူ၊ ဘန်ကောက်နှင့် နယူးဒေလီမြို့တွေကို ပျံသန်းမယ့်စရိတ်ကို အစိုးရကကျခံပေးမှာဖြစ်ပြီး ခရီးသည်တွေက ရန်ကုန်မြို့သို့ ပျံသန်းစရိတ်ကိုသာ ကျခံရမှာ ဖြစ်ပါတယ်။ လက်ရှိပျံသန်းမယ့် သုံးနိုင်ငံမှာ စင်ကာပူနိုင်ငံက ခရီးသည်က အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံကို ပြန်လည်လိုက်ပါလာမယ့် ခရီးသည်တွေအားလုံးဟာ ၂၁ ရက် Quarantine ဝင်ရမှာဖြစ်လို့ ကျန်းမာရေးဝန်ကြီးဌာနက Quarantine လက်ခံနိုင်မယ့် ဦးရေပေါ်မူတည်ပြီး Relief Flight တွေကို ပျံသန်းသွားမှာပါ” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီးဖြစ်သူ Capt Khup Khan Mung က ပြောကြားသည်။

စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပျံသန်းမည့် ပထမအကြိမ် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပျံသန်းမည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် ခရီးသည် ၁၄၆ ဦး စာရင်းအား စင်ကာပူမြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ အဆိုပါ ခရီးစဉ်တွင် လေယာဉ်ထိုင်ခုံနေရာ အကန့်အသတ်ရှိသည့် သံဃာတော်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ စင်ကာပူနိုင်ငံသို့ ဆေးကုသရန် လာရောက်စဉ် ပိတ်မိနေသည့် လူနာများနှင့် ကျန်းမာရေး မကောင်းသူများကိုဦးစားပေး၍ လိုက်ပါနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဖြစ် ရန်ကုန်မှ စင်ကာပူ၊ ဘန်ကောက်နှင့် နယူးဒေလီမြို့များသို့ ပျံသန်းမည့်စရိတ်အား အစိုးရမှကျခံပေးမည်ဖြစ်ပြီး ခရီးသည်များမှ ရန်ကုန်မြို့သို့ ပျံသန်းစရိတ်ကိုသာ ကျခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ COVID-19 ရောဂါဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ထိရောက်သည့် အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်ရန် ပြည်ပနိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံအကြား ပုံမှန်ပျံသန်းပြေးဆွဲလျက်ရှိသည့် နိုင်ငံတကာ ခရီးသည်တင်လေယာဉ် (Commercial Flights) များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်မှု ယာယီရပ်ဆိုင်းမှုကို မေ ၁၅ ရက်အထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းသို့ခရီးသည်တင် လေယာဉ်များ ရပ်ဆိုင်းမှုကြောင့် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ရောက်ရှိနေပြီး ဆက်လက်နေထိုင်ရန် အမှန်တကယ် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသို့ ပြန်လိုကြသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ် Relief Flight အဖြစ် ခေါ်ဆောင်နိုင်ရန် ယင်းနိုင်ငံများရှိ သံရုံးများနှင့် မြန်မာနိုင်ငံအစိုးရ၊ နိုင်ငံပိုင်လေကြောင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် MAI မှ အင်ချွန်း-ရန်ကုန် ခရီးစဉ်အား ပျံသန်းမည်ဖြစ်သည်။ MAI က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ အင်ချွန်းလေဆိပ်မှ ရန်ကုန်သို့ ပျံသန်းမည့် Relief Flight ခရီးစဉ်အား ၂၀၂၀ ပြည့်နှစ် ဧပြီ  ၃၀ ရက်နှင့် မေ ၃၊ ၅၊ ၈၊ ၁၅၊ ၂၂ နှင့် ၂၉ ရက်များတွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများ နေရပ်သို့ ပြန်လာရန် သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent