COVID-19 စစ်ဆေးမှုကို ကစားသမားများထက် ရှေ့တန်းမှဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ဦးစားပေးသင့်ကြောင်း ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် သုံးသပ်

COVID-19 စစ်ဆေးမှုကို ကစားသမားများထက် ရှေ့တန်းမှဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ဦးစားပေးသင့်ကြောင်း ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် သုံးသပ်
Published 5 May 2020

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က COVID-19 စစ်ဆေးမှုကို ကစားသမားများထက် ရှေ့တန်းမှဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ဦးစားပေးသင့်ကြောင်း သုံးသပ်ပြောကြားသည်။

 

ဗြိတိန်အခြေစိုက် BT Sport ရုပ်သံနှင့် တွေ့ဆုံစဉ် လမ်းပတ်က ယခုလိုပြောကြားခြင်းဖြစ်ပြီး ကစားသမားများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးမှာ အရေးကြီးသော်လည်း ကျန်းမာရေးဝန်ထမ်းများကိုသာ ဦးစားပေးသင့်သည်ဟု ဆိုသည်။

''ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးက တော်တော်အရေးကြီး ပါတယ်။ ကျွန်တော်တို့က ထိတွေ့ဆက်ဆံမှုရှိတဲ့ အားကစားနည်းကို ကစားကြတာဖြစ်ပြီး ပြင်းထန်တဲ့ကစားပုံတွေကိုလည်း မြင်ကြရ မှာပါ။ ဘောလုံးပွဲတွေ ကြည့်ခွင့်ရဖို့၊ ပွဲကစားဖို့နဲ့ လေ့ကျင့်မှုတွေလုပ်နိုင်ဖို့ဆိုတာ အိပ်မက်ဆန်ဆန်ပါပဲ။ ဒါပေမဲ့ ကစားသမားတွေအနေနဲ့ ဘယ်လောက်အထိ စွန့်စားရနိုင်မလဲဆိုတာ မသိရသေးပါဘူး။ နောက်ထပ်စဉ်းစားရမှာက စစ်ဆေးမှုလုပ်တာပါ။ တကယ်လို့ လေ့ကျင့်မှုအစီအစဉ်တွေပြန်စခဲ့ရင် Cobham (လေ့ကျင့်ရေးကွင်း) မှာတင် ဝန်ထမ်းအရေအတွက်က အနည်းဆုံး ၇၀ ကနေ ၈၀ ရှိမယ်လို့ ကျွန်တော် ထင်တယ်။ ပုံမှန်စစ်ဆေးမှုလုပ်တယ်ဆိုတာ မှန်ပါတယ်။ ကမ္ဘာတစ်ဝန်းကို ကြည့်လိုက်တဲ့အချိန်မှာ ဘောလုံးလောကအတွက် အဲဒီလိုလုပ်ဖို့ အရေးပါတယ်လို့ ကျွန်တော် ထင်တယ်။ ပြီးခဲ့တဲ့နှစ်လကျော်ကာလအတွင်း မယုံနိုင်လောက်အောင် လုပ်ခဲ့ကြတဲ့ NHS (ဗြိတိန်အမျိုးသားကျန်းမာရေးဌာန)နဲ့ ကျန်းမာ ရေးဝန်ထမ်းတွေ အရေအတွက်ဘယ်လောက် စစ်ဆေးမှုလုပ်ခဲ့ကြရလဲဆိုတာ ကျွန်တော် မသိပါဘူး။ ရှေ့တန်းမှာဆောင်ရွက်နေတဲ့ အဲဒီလူတွေ စစ်ဆေးမှုမလုပ်ရသေးခင်မှာ ကျွန်တော်တို့ကို စစ်ဆေးတာက ပိုကောင်းတယ်လို့ မထင်ပါဘူး။ ဒါက ကျွန်တော်တစ်ဦးတည်းမဟုတ်ဘဲ အားလုံးနဲ့ဆိုင်ပါတယ်''ဟု လမ်းပတ်က ပြောကြားသည်။

ထို့ပြင် ပရီးမီးယားလိဂ်ပွဲများ ပြန်လည်စတင်နိုင်မည့်အခြေအနေ၊ နွေရာသီတွင် စာချုပ်ကုန်ဆုံးမည့် ကစားသမားများနှင့်ပတ်သက်၍ ၎င်းက ''ကျွန်တော်တို့ဆီမှာ စာချုပ်ကုန်ဆုံးတော့မယ့် အဓိကကစားသမားနှစ်ယောက် (ဝီလီယံနှင့် ဂျရူး) ရှိပါတယ်။ ဆွေးနွေးမှုတွေ အများကြီးလုပ်နေပြီး အချိန်တိုအတွင်းမှာပဲ အားလုံးရှင်းလင်းသွားမယ်လို့ ထင်ပါတယ်။ ဘရုစ်ဘက် (ချယ်လ်ဆီးအသင်း ဥက္ကဋ္ဌ) နဲ့ ကျွန်တော် အဆက်အသွယ်ရှိပါတယ်။ ဆွေးနွေးမှုနဲ့ စကားပြောဆိုတာလည်း ပုံမှန်လုပ်ဖြစ်ပါတယ်။ သောကြာနေ့ကလုပ်တဲ့ ကလပ်အသင်းတွေ ဆွေးနွေးပွဲမှာ ကစားသမားတွေ၊ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေးအဖြစ် ဆွေးနွေးခဲ့တာကိုလည်း ကြိုဆိုပါတယ်။ မန်နေဂျာတွေနဲ့ ကစားသမားတွေ ဆက်ပြီးတော့ ဆွေးနွေးရဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဆွေးနွေးမှုမလုပ်ရသေးလို့ပါ''ဟု ဆက်လက်ပြောကြားသည်။