COVID-19 ရောဂါ ရှိ မရှိ စစ်ဆေးပေးနိုင်ရေးအတွက် လွှတ်တော်အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်များ နေပြည်တော်သို့ မေ ၉ ရက်ထက်မစော ၁၀ ရက်ထက် နောက်မကျစေဘဲ ကြိုတင် လာရောက်ရမည်

COVID-19 ရောဂါ ရှိ မရှိ စစ်ဆေးပေးနိုင်ရေးအတွက် လွှတ်တော်အစည်းအဝေး တက်ရောက်မည့် ကိုယ်စားလှယ်များ နေပြည်တော်သို့ မေ ၉ ရက်ထက်မစော ၁၀ ရက်ထက် နောက်မကျစေဘဲ ကြိုတင် လာရောက်ရမည်
မတ်၂၅ ရက်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
မတ်၂၅ ရက်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 1 May 2020
ကျော်ဇင်ဝင်း

COVID-19 ရောဂါ ရှိ မရှိ စစ်ဆေးပေးနိုင်ရေးအတွက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ၁၆ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများ တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် နေပြည်တော်သို့ မေ ၉ ရက်ထက်မစော ၁၀ ရက်ထက် နောက်မကျစေဘဲ ကြိုတင်လာရောက်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

၁၆ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများကို မေ ၁၈ ရက်တွင် စတင်ကျင်းပရန် ခေါ်ယူထားပြီး ပုံမှန်အားဖြင့် လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်မကျင်းပမီ တစ်ရက်၊ နှစ်ရက်အလိုတွင် လွှတ်တော်သို့ ရောက်ရှိသတင်းပို့ရခြင်းဖြစ်ပြီး ယခုအခါ COVID-19 ရောဂါကိစ္စရပ်များ ရှိနေသဖြင့် လွှတ်တော်သို့ လာရောက်ရမည့်ရက်အား ကြိုတင်ခေါ်ယူရန် ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။

“ကြိုခေါ်လိုက်တာပေါ့။ ဆေးစစ်ဖို့ရာအတွက်။ ကျန်းမာရေးအတွက် ဆေးစစ်တယ် ဆိုတာတော့ အကုန်စစ်မှာပေါ့။ (နှာခေါင်းနှင့် အာခေါင်တို့ဖတ်ရယူရန်ကိစ္စ) အဲဒါတွေလည်း ဖြစ်ကောင်းဖြစ်ဖွယ် ရှိတာပေါ့။ ပါမယ် မပါဘူး။ မသိသေးဘူးပေါ့။ ဖြစ်ကောင်းဖြစ်ဖွယ် ရှိတာပေါ့” ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။

လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၀) ကို ဧပြီ ၃၀ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များအား နေပြည်တော်သို့ ကြိုတင်ခေါ်ယူမည့် အကြောင်းကို ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ထည့်သွင်းပြောကြားခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၁၆ ကြိမ်မြောက်ပုံမှန် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မေ ၁၈ ရက်တွင် စတင်ကျင်းပရန် ကြေညာထားပြီး ဖြစ်ကြောင်း၊ ယခု ခေါ်ယူထားသည့် လွှတ်တော်အစည်းအဝေးတွင် လက်ရှိကာလအတွင်း မဖြစ်မနေ ဆောင်ရွက်ပေးရမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း အပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းစဉ်များကို အချိန်ကာလတိုအတွင်း အဆင်ပြေချောမွေ့စွာ ပြီးစီးရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားကြောင်း ပြည်ထောင်စု လွှတ်တော်နာယကက ပြောကြားသည်။

“လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှု ခံယူနိုင်ရေးနှင့် သွားလာနေထိုင်ရေးတို့ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အစည်းအဝေးကာလ မတိုင်မီ ကြိုတင်၍ COVID-19 ရောဂါ ရှိ မရှိ စစ်ဆေးပေးနိုင်ရေးအတွက် အစည်းအဝေး တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် နေပြည်တော်သို့ မေ ၉ ရက်ထက် မစော ၁၀ ရက်ထက် နောက်မကျစေဘဲ လာရောက်ကြရန် ပြင်ဆင်ခေါ်ယူသွားမည် ဖြစ်ပါကြောင်း၊ မဲဆန္ဒနယ်မြေ အသီးသီးမှ အစည်းအဝေး တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ အချိန်မီ လာရောက်နိုင်ရေးကိုလည်း သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ထားကြောင်း” ဟု ပြည်ထောင်စု လွှတ်တော်နာယကက ပြောကြားသည်။

ထို့နောက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လွှတ်တော်ပုံမှန် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၇ ရက်တွင် စတင်ကျင်းပရန် လျာထားခဲ့သော်လည်း COVID-19 ရောဂါ ဖြစ်ပွားမှု အခြေအနေကြောင့် ရွှေ့ဆိုင်းထားခြင်းဖြစ်ကြောင်း၊ ယခုအခါတွင် လွှတ်တော်အစည်းအဝေး ခေါ်ယူဆောင်ရွက်ပေးရမည့် လုပ်ငန်းကိစ္စရပ်များအတွက် ကန့်သတ်ကာလ အခြေအနေအရ လွှတ်တော်အစည်းအဝေးကို ခေါ်ယူပေးရခြင်း ဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု အန္တရာယ် ကာကွယ်ထိန်းချုပ်ရေးအတွက် သင့်လျော်ကောင်းမွန်သည့် အစီအစဉ်များဖြင့် လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး နည်းလမ်းများကို ၀ိုင်းဝန်းအကြံပေးကြရန်နှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။