ပြည်တွင်းစစ်ချုပ်ငြိမ်းရေးသည် မြန်မာနိုင်ငံ၏ ပထမဆုံးလိုအပ်ချက်ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ပြောကြား

ပြည်တွင်းစစ်ချုပ်ငြိမ်းရေးသည် မြန်မာနိုင်ငံ၏ ပထမဆုံးလိုအပ်ချက်ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ပြောကြား
ဆမီးမြို့ စစ်ရှောင်စခန်းတစ်ခုတွင် ရောက်ရှိနေသော စစ်ဘေးရှောင်ဒုက္ခသည်များကို တွေ့ရစဉ်
ဆမီးမြို့ စစ်ရှောင်စခန်းတစ်ခုတွင် ရောက်ရှိနေသော စစ်ဘေးရှောင်ဒုက္ခသည်များကို တွေ့ရစဉ်
Published 29 April 2020
ဆန်းမိုးထွန်း

ပြည်တွင်းစစ်ချုပ်ငြိမ်းရေးသည် မြန်မာနိုင်ငံ၏ ပထမဆုံးလိုအပ်ချက်ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများနှင့် ပတ်သက်ပြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ကို NCA-S EAO လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားပြီး အဆိုပါအင်တာဗျူးတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ကျွန်တော့်အမြင်မှာတော့ ပထမလိုအပ်ချက်ဖြစ်တယ်လို့ တင်ပြချင်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

ထို့ပြင် ပြည်တွင်းစစ်မချုပ်ငြိမ်းနိုင်ဘဲ၊ ပင်လုံစာချုပ် အကောင်အထည်မဖော်နိုင်ဘဲ၊ တိုင်းရင်းသားများ တောင်းဆိုထားသည့် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများမရဘဲ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရန် မလွယ်ကူကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ တိုက်ပွဲတွေဖြစ်နေတဲ့နေရာ၊ စစ်ပွဲတွေ ဖြစ်နေတဲ့နေရာ၊ တစ်နည်းအားဖြင့် တည်ငြိမ်မှုမရှိတဲ့နေရာ အဲဒီလိုနေရာတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်း ရေရှည်လုပ်လို့ရမှာ မဟုတ်ဘူး” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။

ယနေ့ကမ္ဘာကြီးသည် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့ဆိုလျှင် နိုင်ငံတကာ၏ ရင်းနှီးမြှုပ်နှံမှုမှာ အရေးကြီးကြောင်း၊ ရင်းနှီးမြှုပ်နှံမည့်နိုင်ငံများကလည်း ၎င်းတို့ရင်းနှီးမြှုပ်နှံမည့် တိုင်းပြည်တွင် ပြည်တွင်းစစ် ရှိ မရှိကို လေ့လာသုံးသပ်ကြောင်း၊ ပြည်တွင်းစစ်ရှိနေသမျှ မျှော်မှန်းထားသည့်အတိုင်း ရင်းနှီးမြှုပ်နှံမှုများမှာ ဝင်ရောက်လာရန်မရှိကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

“ ပြည်တွင်းစစ်ရှိနေသရွေ့၊ တိုက်ပွဲတွေ ဖြစ်နေသရွေ့ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုက ကျွန်တော်တို့ မျှော်မှန်းသလို ဝင်နိုင်မှာ မဟုတ်ဘူး။ ဝင်ရင်လည်း တိုင်းဒေသကြီးလို ဟိုတုန်းကအခေါ် ပြည်မမှာပဲ ဝင်မယ်။ ကျွန်တော်တို့ တိုင်းရင်းသားဒေသမှာ မဝင်နိုင်ဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့ စီးပွားရေးတိုးတက်မှုက ကွာဟမှုတွေ ပိုပြီးတော့ ကြီးလာမယ်။ ကိုယ့်နိုင်ငံရေးကွာဟမှုက စီးပွားရေးအရ ကွာဟမှုနဲ့ ဆက်တိုက်ကြီး ဆက်လာမှာပေါ့။ နှစ်ဆင့်ဖြစ်သွားမှာပေါ့။ နိုင်ငံရေးကွာဟမှုကလည်း စီးပွားရေးကွာဟမှု၊ စီးပွားရေးကွာဟမှုကနေ ဆင်းရဲမှု၊ အဲဒီလိုဆက်တိုက်ကြီးဖြစ်မယ်ဆိုရင် ကျွန်တော်အဆိုးဘက်ကနေ စပြီးတော့ ပြောတာဖြစ်ပါတယ်။ ဒီအဆိုးဘက်ကနေ ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်တွေကို ရှောင်ရှားဖို့အတွက်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကို မရမက ဆောင်ရွက်ဖို့ လိုတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်လို့ရမယ်။ တည်တံ့ခိုင်မြဲတာတွေကို ကျွန်တော်တို့ လုပ်လို့ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် NCA စာချုပ်ပါ ဘုံနိုင်ငံရေး ရည်မှန်းချက်အတိုင်း အားလုံးလက်တွဲပြီးဆောင်ရွက်နိုင်ပါက နှစ်ပေါင်း ၇၀ ကြာပြီဖြစ်သည့် ပြည်တွင်းစစ်ကို ချုပ်ငြိမ်းအောင် ပြုလုပ်၍ရကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။

“ NCA စာချုပ်ရဲ့ ဘုံနိုင်ငံရေးရည်မှန်းချက် အဲဒါက အရေးကြီးတယ်။ NCA စာချုပ်ရဲ့ ဘုံနိုင်ငံရေးရည်မှန်းချက်က NCA စာချုပ် အခန်း (၁) အပိုဒ် (၁)မှာ ပါပါတယ်။ အဲဒီမှာ ဘာပါလဲဆိုတော့ အစိုးရဘက်ကနေ တစိုက်မတ်မတ်တောင်းဆိုတဲ့ ဒို့တာဝန်အရေးသုံးပါး။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တ့ံခိုင်မြဲရေး ဒါကျွန်တော်တို့ လွတ်လပ်တဲ့နိုင်ငံတစ်ခုအနေနဲ့ လိုအပ်တာဖြစ်တယ်။ ထို့အတွက်ကြောင့် ကျွန်တော်တို့ လက်ခံပေးတယ်။ နောက်ပြီးတော့ ဒုတိယအနေနဲ့ ဘာပါသလဲဆိုတော့ ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းတစ်ရပ်၊ သဟဇာတရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်၊ ငြိမ်းချမ်း စွာ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ လောကပါလတရားကိုလည်း ကျွန်တော်တို့ ထည့်ထားပါတယ်။ အဲဒီလောကပါလတရားဆိုတာ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု ရှိရမယ်ဆိုတာ။ အဲဒါသိပ်အရေးကြီးတယ်။ နံပါတ် (၃)အနေ နဲ့ ဒီတိုင်းပြည်ကို ပင်လုံစာချုပ်အရ ထူထောင်တာဖြစ်တဲ့အတွက် ပင်လုံစိတ်ဓာတ်နဲ့အညီ ကျွန်တော်တို့ ဒီတိုင်းပြည်ကို ဆက်ပြီးတော့ ထူထောင်မယ်ဆိုတာ ပါတယ်။ နံပါတ် (၄) မှာ ဘာပါလဲဆိုတော့ တိုင်းရင်းသားတွေ နှစ်ပေါင်း ၇၀ လက်နက်ကိုင်တော်လှန်ရေး လုပ်ပြီးတော့မှ တောင်းဆိုတဲ့ တောင်းဆိုချက်တွေ ပါတယ်။ အဲဒါကဘာလဲ။ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒီအခွင့်အရေးတွေကို အပြည့်အဝအာမခံချက်ရှိဖို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရမယ်ဆိုတဲ့ဟာပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ဘုံနိုင်ငံရေးရည်မှန်းချက် ဖြစ်တယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ သံဓိဋ္ဌာန်ဖြစ်တယ်။ အဲဒီအတိုင်း ကျွန်တော်တို့ အားလုံးလက်တွဲပြီးတော့ ဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ် ဒီဟာကို ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် နှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်ကိုလည်း ချုပ်ငြိမ်းအောင် လုပ်လို့ရမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

Most Read

Most Recent