ရခိုင်ပြည်နယ် မြောက်ဦးမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီးရှိ စစ်ဆေးရေးဂိတ်ဟောင်း အဆောင်များအား AA အဖွဲ့က ဧပြီ ၂၇ ရက် ညပိုင်းတွင် ခြင်ဆေးဘူးများ၊ ၆၀ မမ ဗုံးသီးတစ်လုံးတို့အား အသုံးပြု၍ မီးရှို့ ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့့သည်။
ဖြစ်စဉ်မှာ မြောက်ဦးမြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၂၇ ရက် ည ၉ နာရီခွဲခန့်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီးရှိ စစ်ဆေးရေးဂိတ်ဟောင်း အဆောင်များဘက်မှ ပေါက်ကွဲသံနှင့်အတူ မသင်္ကာဖွယ်ရာ လှုပ်ရှားသွားလာမှုများ တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၂၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေခန့်ရှိ သွပ်မိုးအဆောက်အအုံတစ်ခုအတွင်း AA အဖွဲ့က ဂျမ်ဘိုအမှတ်တံဆိပ်ပါ ခြင်ဆေးဘူးသုံးဘူးအား နှစ်ပေခန့်ရှိ ရေနံဆီစွတ်ထားသည့် အဝတ်စဖြင့်ပတ်၍ မီးရှို့ဖောက်ခွဲထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် အလျား ၁၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေခန့်ရှိ သွပ်မိုးအဆောက်အအုံတစ်ခုအတွင်း AA အဖွဲ့က ၆၀ မမ ဗုံးသီးတစ်လုံးအား သုံးပေခန့်ရှိ ရေနံဆီစွတ်ထားသည့် အဝတ်စဖြင့်ပတ်၍ မီးရှို့ဖောက်ခွဲခဲ့သော်လည်း တစ်ပေခန့်သာ မီးလောင်ထားပြီး ၎င်းဗုံးသီးအနီး၌ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် ဂျမ်ဘိုအမှတ်တံဆိပ်ပါ ခြင်ဆေးဘူး ခြောက်ဘူးကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါပေါက်ကွဲမှုကြောင့် အဆောက်အအုံများ အနည်းငယ်ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် AA အဖွဲ့၏ ရခိုင်ပြည်နယ်အတွင်း ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှုအား ကာကွယ်တားဆီးရေးတို့အတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး နယ်မြေလုံခြုံရေး၊ နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။















