မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦးအား AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းအား ပြန်လည်ရရှိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆောင်ရွက်နေ

မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦးအား AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းအား ပြန်လည်ရရှိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆောင်ရွက်နေ
Published 29 April 2020

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦးအား ဧပြီ ၂၆ ရက်တွင် AA အဖွဲ့က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၎င်းအား ပြန်လည်ရရှိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်နေကြောင်း ဧပြီ ၂၇ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မြောက်ဦးမြို့ရှိ နယ်မြေခံရဲတပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် ရဲဒုတိယတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သားနှစ်ဦးတို့သည် ဧပြီ ၂၆ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မြောက်ဦးမြို့သို့ စျေးဝယ်ရန် သွားရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာလာရာ ရတနာ့မာန်အောင်ဘုရားလမ်းရှိ သီဟိုဠ်ခြံအနီးသို့ အရောက်၌ အရပ်ဝတ်များ ဝတ်ဆင်ထားသော တုတ်၊ ဓားများ ကိုင်ဆောင်ထားသည့် AA အဖွဲ့ဝင် အင်အားရှစ်ဦးက ဝိုင်းရံဖမ်းဆီးခဲ့သဖြင့် ရဲတပ်သားတစ်ဦး အတင်းအဓမ္မ ဖမ်းဆီးခံခဲ့ရကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

AA အဖွဲ့အနေဖြင့် လုံခြုံရေးစခန်းများ၊ ရဲကင်းစခန်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များအသွင်၊ အရပ်သားများအသွင်ဖြင့် အယောင်ဆောင်ကာ အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ဒေသအတွင်း အေးချမ်းစွာ နေထိုင်လုပ်ကိုင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား ယခုကဲ့သို့ မကြာခဏ ဖမ်းဆီးခေါ်ဆောင်သည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူအား ပြန်လည်ရရှိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent