လတ်တလော လည်ပတ်နိုင်ခြင်းမရှိသေးသည့် နိုင်ငံပိုင်စက်ရုံများတွင် COVID- 19 အတွက် လိုအပ်သည့် ဆေးပစ္စည်းများ ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

လတ်တလော လည်ပတ်နိုင်ခြင်းမရှိသေးသည့် နိုင်ငံပိုင်စက်ရုံများတွင် COVID- 19 အတွက် လိုအပ်သည့် ဆေးပစ္စည်းများ ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား
တာမွေမြို့နယ်ရှိ ဆေးဆိုင်တစ်ခုတွင် ဆေးဝယ်ယူနေသူများကို  မတ် ၂၄ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ငြိမ်းငြိမ်းသူ)
တာမွေမြို့နယ်ရှိ ဆေးဆိုင်တစ်ခုတွင် ဆေးဝယ်ယူနေသူများကို  မတ် ၂၄ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ငြိမ်းငြိမ်းသူ)
Published 28 April 2020

လတ်တလော လည်ပတ်နိုင်ခြင်းမရှိသည့် နိုင်ငံပိုင်စက်ရုံများတွင် COVID- 19 အတွက် လိုအပ်သည့် ဆေးပစ္စည်းများ ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက ပြောကြားသည်။

COIVD- 19 ကပ်ရောဂါကြောင့် လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများကို နိုင်ငံတကာစျေးကွက်မှ ဝယ်ယူလျက်ရှိသကဲ့သို့ တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံနှင့် နှာခေါင်းစည်းများကိုလည်း ပြည်တွင်းထုတ် လုပ်သူများထံမှ ဝယ်ယူနိုင်ရေး ဆောင်ရွက်ထားပြီဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန် ကြီးဦးသောင်းထွန်း ရေးသားသည့် “ကပ်ရောဂါတိုက်ဖျက်ဖို့ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ကြပါစို့” ဆောင်းပါးတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားလျက်ရှိသည့် COVID- 19 ကပ်ရောဂါကို ကာကွယ်၊ ကုသ ထိန်းချုပ်နိုင်ရေးအတွက် COVID- 19 ရောဂါစမ်းသပ်ရေးကိရိယာများ၊ အသက်ရှူစက်များ ပိုမိုထောက်ပံ့ပေးနိုင်ရေး ဆေးရုံနှင့် ဆေးခန်းများ တည်ဆောက်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

COVID- 19 ရောဂါစမ်းသပ်ရေးကိရိယာ Cobas 6800 ကို ယခုအပတ်အတွင်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းတွင် တစ်ရက်လျှင် လူဦးရေ ၁၀၀၀ ကျော် စမ်းသပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများအား အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီး စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းနှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများကို တားမြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၀၊ ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၀ မတ် ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၀ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အဆိုပါအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(က)အရ Coronavirus Disease 2019 (COVID- 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အပိုဒ် ၁ ပါ ကုန်စည်များကို စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူခြင်း သို့မဟုတ် စျေးစကားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကို ယခုအမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့မှစ၍ တားမြစ်လိုက်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

အပိုဒ် ၁ ပါ သတ်မှတ်ထားသည့်ကုန်စည်များကို စျေးကွက်အတွင်းစျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့် ဖြူးခြင်း သို့မဟုတ် စျေးစကားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

          နီလာ

 

Most Read

Most Recent