နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ တရုတ်နိုင်ငံသား ၂၀ အား တရုတ်နိုင်ငံသို့ပြန်လည်လွှဲပြောင်း

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ တရုတ်နိုင်ငံသား ၂၀ အား တရုတ်နိုင်ငံသို့ပြန်လည်လွှဲပြောင်း
Published 25 April 2020

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူ တရုတ်နိုင်ငံသား ၂၀ အား တရုတ်နိုင်ငံသို့ပြန်လည်လွှဲပြောင်းခဲ့ကြောင်း သိရသည်။

သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာ ယင်းတို့ထဲက မန္တလေးတိုင်းအိုးဘိုအကျဉ်းထောင်နှင့် သာယာဝတီ အကျဉ်းထောင်တွင် အကျဉ်းကျခံလျက်ရှိသော နိုင်ငံခြားသားများအနက် တရုတ်နိုင်ငံသား ၂၀ ဦးအား ဧပြီ ၂၄ ရက် နေ့လည် ၃ နာရီ  ၁၅ မိနစ်ခန့်က  မူဆယ် မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် စစ်ဆေးရေး နန်းတော်ဂိတ်မှ တရုတ်နိုင်ငံ ပြည်ဝင်ပြည်ထွက်စစ်ဆေးရေး ကျယ်ဂေါင်ဂိတ်တွင် နှစ်နိုင်ငံတာဝန်ရှိသူများက စနစ်တကျလွှဲပြောင်း လက်ခံခဲ့‌ကြောင်းသိရသည်။

အဆိုပါတရုတ်နိုင်ငံသား အမျိုးသား ၁၉ ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ၂၀ တို့သည်  မြန်မာနိုင်ငံဒေသအသီး၌ ပြစ်မှုအမျိုးမျိုးတို့ကြောင့် ပြစ်ဒဏ်အသီးသီးကျခံခဲ့ရသူများဖြစ်ကာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများဖြစ်ကာ ၎င်းတို့ကို မူဆယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန လူဝင်မှုကြီး ကြပ်ရေးမှူး ဦးဝင်းနိုင်က စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခဲ့ရာ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ ရွှေလီပြည်ဝင်ပြည်ထွက်ကာကွယ်စစ်ဆေးရေးဌာန စစ်ဆေးရေးအရာရှိ Mr.Li kun က လက်ခံခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီ ၁၇ ရက် ( မြန်မာနှစ်ဆန်း တစ်ရက်နေ့)  ညနေ ၄ နာရီခန့်က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လားရှိုးအကျဉ်းထောင်တွင် အကျဉ်းကျခံလျက်ရှိသော နိုင်ငံခြားသားများအနက် တရုတ်နိုင်ငံသား ၇၇ ဦး နှင့် ဧပြီ ၁၈ ရက်နေ့လည် ၂ နာရီက ညောင်ရွှေအကျဉ်းထောင်မှ တစ်ဦးအား မူဆယ်မြို့နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် စစ်ဆေးရေးနန်းတော်ဂိတ်မှ တရုတ်နိုင်ငံ ပြည်ဝင်ပြည်ထွက်စစ်ဆေးရေး ကျယ်ဂေါင်ဂိတ်တွင် နှစ်နိုင်ငံတာဝန်ရှိသူများက စနစ်တကျ လွှဲပြောင်းလက်ခံခဲ့‌ကြောင်း သိရသည်။

 

Most Read

Most Recent