PFA အကောင်းဆုံးဆုပေးပွဲအခမ်းအနားကို ပထမဆုံးအကြိမ် ဖျက်သိမ်းရဖွယ်ရှိနေ

PFA အကောင်းဆုံးဆုပေးပွဲအခမ်းအနားကို ပထမဆုံးအကြိမ် ဖျက်သိမ်းရဖွယ်ရှိနေ
Published 17 April 2020

ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)မှပြုလုပ်မည့် ယခုနှစ်အကောင်းဆုံးဆုပေးပွဲအခမ်းအနားကို ဖျက်သိမ်းရဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

 

ယင်းဆုချီးမြှင့်ပွဲအခမ်းအနားကို ၁၉၇၃ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့ပြီး (၄၇)နှစ်ကြာသက်တမ်းအတွင်း ပထမဆုံးဖျက်သိမ်းရရန် နီးစပ်လာခဲ့သည်။

အကောင်းဆုံးဆုအတွက် မဲပေးမှုလုပ်ငန်းစဉ်များ ရွှေ့ဆိုင်းခဲ့ရပြီးနောက် ယခုကဲ့သို့ ဖျက်သိမ်းဖွယ်ရှိသည့်သတင်းများလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဆုပေးပွဲအခမ်းအနားကို လန်ဒန်မြို့ရှိ Grosvenor ဟိုတယ်တွင် ပြီးခဲ့သည့်(၂၅)နှစ်တိုင် ကျင်းပခဲ့ပြီး ယခုနှစ်တွင်မူ မန်ချက်စတာရှိ Victoria Warehouse တွင် ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့သည်။

သို့သော် မဲပေးမှုလုပ်ငန်းစဉ်များ ရွှေ့ဆိုင်းထားခြင်းကြောင့်  ဧပြီလအစောပိုင်းတွင် ဆန်ခါတင်(၆)ဦးစာရင်း ထုတ်ပြန်သည့်အစဉ်အလာမှာလည်း အလိုအလျောက်ပျက်ပြယ်ခဲ့ရသည်။

ယခုနှစ် PFA အကောင်းဆုံးဘောလုံးသမားဆုအတွက် လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်က ထိပ်ဆုံးမှရေပန်းစားနေပြီး အသင်းဖော် မာနေနှင့် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားတို့မှာလည်း ရေပန်းစားမှုစာရင်းတွင်

ပါဝင်လျက်ရှိသည်။

လူငယ်အကောင်းဆုံးဆုအတွက်မူ လီဗာပူးလ်နောက်ခံလူ အာနိုးလ်က အပြတ်အသတ်ရေပန်းစားနေကြောင်း သိရသည်။

ယခုနှစ်အကောင်းဆုံးဆုကို ဟန်ဒါဆန်နှင့် မာနေသာ ဆွတ်ခူးနိုင်လျှင် ဆာလာ(၂၀၁၈)၊ ဗန်ဒိုက်(၂၀၁၉)တို့ပြီးနောက် လီဗာပူးလ်ကစားသမားများအနေဖြင့် (၃)နှစ်ဆက်သိမ်းပိုက်နိုင်မှု ဖြစ်လာမည်ဖြစ်သည်။

ဧပြီလ(၂၆)ရက်ိတွင်ပြုလုပ်မည့် ဆုပေးပွဲအခမ်းအနားကို အစောပိုင်းကတည်းက ရွှေ့ဆိုင်းထားပြီး ပြောင်းလဲပြုလုပ်မည့်ရက်ကို ထုတ်ပြန်မှုမရှိသေးကြောင်း သိရသည်။

 

Most Read

Most Recent