ဘာစီလိုနာအသင်းနည်းပြ ဆယ်တီယန်က အသင်းခေါင်းဆောင် မက်ဆီအနေဖြင့် ကစားသမားဘဝကို ဘာစီလိုနာအသင်းတွင်သာ အဆုံးသတ်လိမ့်မည်ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းနည်းပြ ဆယ်တီယန်က အသင်းခေါင်းဆောင် မက်ဆီအနေဖြင့် ကစားသမားဘဝကို ဘာစီလိုနာအသင်းတွင်သာ အဆုံးသတ်လိမ့်မည်ဟု ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်ကပ်ဘေးကြောင့် ဘောလုံးပြိုင်ပွဲများ ရပ်နားထားရချိန်တွင် ဘာစီလိုနာအသင်းအနေဖြင့် အတွင်းရေးပြဿနာများနှင့် ရင်ဆိုင်နေရပြီး ယင်းအချက်ကို မက်ဆီက စိတ်ပျက်နေကြောင်း သိရသည်။
မက်ဆီသည် အသင်းအားကစားဒါရိုက်တာ အဘီဒယ်လ်နှင့် ပြဿနာဖြစ်ပွားခဲ့သလို၊ ကစားသမားများ လစာလျှော့ယူသည့်ကိစ္စတွင်လည်း ဘာစီလိုနာအသင်း ထုတ်ပြန်မှု နောက်ကျသည့်အတွက် အသင်းတာဝန်ရှိသူများကို ဝေဖန်ခဲ့သည်။
ထို့ပြင် မက်ဆီအနေဖြင့် ယခုရာသီကုန်တွင် ဘာစီလိုနာအသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရှိနေရာ အပြောင်းအရွှေ့သတင်းများမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ၎င်းအား ခေါ်ယူရန် မန်စီးတီးနှင့် အင်တာမီလန်အသင်းများက စိတ်ဝင်စားနေကြောင်း ဥရောပမီဒီယာများက ဖော်ပြခဲ့ကြသည်။
သို့သော် ဘာစီလိုနာနည်းပြ ဆယ်တီယန်က မက်ဆီအနေဖြင့် အသင်းမှထွက်ခွာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဆယ်တီယန်က "အခု ဘာစီလိုနာအသင်းမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေက အသင်းကြီးတိုင်း ရင်ဆိုင်ရတဲ့ ပုံမှန်ပြဿနာတွေပါပဲ။ အခုအခြေအနေပတ်သက်လို့ ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ ဒါပေမဲ့ ဒါက မက်ဆီအပေါ် သက်ရောက်မှု ရှိမယ်လို့ မထင်ပါဘူး။ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ပါလိမ့်မယ်။ ဒါက သေချာပါတယ်"ဟု TV3 သို့ ပြောကြားခဲ့သည်။
ထို့ပြင် ဆယ်တီယန်က ကိုရိုနာဗိုင်းရပ်ကပ်ဘေးကြောင့် မတ်လကတည်းက ရပ်နားခဲ့ရသည့် ယခုရာသီ လာလီဂါပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပနိုင်မည်ဟု မထင်ကြောင်းလည်း ပြောကြားခဲ့သည်။















