မန်ယူအသင်းသည် အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ ဆာအူလ်အား ပေါင်သန်း (၇၀)ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ ဆာအူလ်အား ပေါင်သန်း (၇၀)ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် အသက် (၂၅)နှစ်အရွယ်ရှိ စပိန်ကွင်းလယ်လူ ဆာအူလ်အား ခေါ်ယူရန် ယခင်ကတည်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လက ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ် လီဗာပူးလ် (၂-၃) အက်သလက်တီကိုပွဲတွင် ဆာအူလ်၏ ခြေစွမ်းကို စောင့်ကြည့်ရန် ကင်းထောက်များ စေလွှတ်ခဲ့ကြောင်း သိရသည်။
အက်သလက်တီကိုအသင်းနှင့် ချုပ်ဆိုထားသည့် ဆာအူလ်၏ စာချုပ်မှာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေပြီး စာချုပ်ပါလျော်ကြေးမှာ ပေါင် (၁၃၅)သန်းဖြစ်သည်။
သို့သော် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကစားသမားများ၏ စျေးကွက်တန်ဖိုးမှာ လျော့ကျသွားဖွယ်ရှိနေရာ မန်ယူအသင်းက ဆာအူလ်ကို ပေါင်သန်း (၇၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန်ယူအသင်းသည် ဆာအူလ်အား အက်သလက်တီကိုအသင်းတွင် ရရှိနေသည့် တစ်ပတ်လစာ ပေါင် (၈၅၀၀၀) ကို တိုးမြှင့်ကာ ပေါင် (၁၁၅၀၀၀)မှ ပေါင် (၂၀၀၀၀၀) အထိ ပေးချေသွားရန် စီစဉ်နေကြောင်းလည်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
ဆာအူလ်သည် ယခုရာသီတွင် အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ (၃၇) ပွဲပါဝင်ကစားပြီး (၄)ဂိုး သွင်းယူပေးထားသည်။
၎င်းသည် လီဗာပူးလ်အသင်းအား (၁-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် အက်သလက်တီကိုအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူလည်း ဖြစ်သည်။















