လီဗာပူးလ်တိုက်စစ်ကစားသမား မာနေသာ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားလျှင် မက်ဆီထက် သာလွန်သွားနိုင်ကြောင်း လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဂျွန်အယ်လ်ဒရစ်ချ်က သုံးသပ်ခဲ့သည်။
အယ်လ်ဒရစ်ချ်က မာနေအနေဖြင့် ဘာစီလိုနာအသင်းအတွက် လီဗာပူးလ်မှထွက်ခွာရန် မလိုအပ်ကြောင်း သုံးသပ်မှုတွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းက ဘာစီလိုနာထက် ပိုကောင်းကြောင်း အယ်လ်ဒရစ်ချ်က သုံးသပ်ခဲ့သည်။
'' မာနေဟာ ဒီရာသီမှာ ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမား ဖြစ်နိုင်ပါတယ်။ လာမယ့်ရာသီမှာ ဒီထက်ပိုကောင်းနိုင်ပြီး အသင်းကို ချန်ပီယံလိဂ်ဖလားရဖို့ ကူညီနိုင်ပါတယ်။ လီဗာပူးလ်ဟာ လက်ရှိမှာ ဘာစီလိုနာ၊ ရီးယဲလ်အသင်းတွေထက် ပိုကောင်းတဲ့အသင်းပါ။ ဒီခေတ်မှာ ကစားသမားတစ်ယောက် အသင်းကထွက်လိုရင် ထိန်းဖို့မလွယ်ပါဘူး။ မာနေက ဒီလိုပုံစံမဟုတ်ပါဘူး။ ကျွန်တော် သူနဲ့စကားပြောတိုင်း မာန်မာနထောင်လွှားမှုမရှိတာ တွေ့ရတယ်။ ပြီးတော့ သူဟာ ဖာနန်ဒိုတောရက်စ်လို အသင်းကို စိတ်အနှောင့်အယှက်ပေးမယ့်ပုံစံမျိုးလည်း မရှိပါဘူး''ဟု အယ်လ်ဒရစ်ချ်က Liverpool Echo သို့ ပြောကြားခဲ့သည်။
မာနေသည် ၂၀၁၆ ခုနှစ်တွင် ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်သို့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် (၁၆၁)ပွဲကစားကာ (၇၇)ဂိုး သွင်းယူပေးထားသည်။
မာနေနှင့် လီဗာပူးလ်အသင်း ချုပ်ဆိုထားသည့်စာချုပ်မှာ ၂၀၂၃ ခုနှစ်တွင်မှ သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။