ပြင်သစ်လီဂူးအဖွဲ့ချုပ် (LFP) တာဝန်ရှိသူများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရပ်နားထားရသည့် ယခုရာသီ လီဂူးပြိုင်ပွဲကို ဇွန်လ (၁၇)ရက်တွင် ပြန်စရန် စီစဉ်နေကြောင်း ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။
ပြင်သစ်လီဂူးအဖွဲ့ချုပ် (LFP) တာဝန်ရှိသူများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရပ်နားထားရသည့် ယခုရာသီ လီဂူးပြိုင်ပွဲကို ဇွန်လ (၁၇)ရက်တွင် ပြန်စရန် စီစဉ်နေကြောင်း ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။
L'Equipe သတင်းစာ၏ ဖော်ပြမှုအရ LFP တာဝန်ရှိသူများသည် ယခုရာသီ လီဂူးပြိုင်ပွဲကို ဇွန်လ (၁၇)ရက်တွင် ပြန်လည်စတင်ပြီး ဇူလိုင်လ (၂၅)ရက်တွင် ရာသီသိမ်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လီဂူးပြိုင်ပွဲကို မတ်လ (၁၆)ရက်တွင် စတင်ရပ်နားထားခဲ့ရပြီး ရာသီပြီးဆုံးရန် ပွဲစဉ်ပေါင်း (၁၀၁)ပွဲ (စထရာဘိုး-PSG ပွဲကျန်အပါအဝင်) ယှဉ်ပြိုင်ရမည် ဖြစ်သည်။
LFP က သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ယခုရာသီ လီဂူးပြိုင်ပွဲကို ပြီးဆုံးအောင် ကစားမည်ဆိုပါက လီဂူးအသင်းများအနေဖြင့် (၃)ရက်လျှင် (၁)ပွဲနှုန်း ကစားရမည်ဖြစ်သည်။
ပြီးခဲ့သည့်သောကြာနေ့က ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် LFP တာဝန်ရှိသူများသည် ပြိုင်ပွဲပြန်လည်ကျင်းပမည့် နေ့စွဲများကို အတည်ပြုခဲ့သော်လည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည်လား သို့မဟုတ် ပရိသတ်များကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးမည်လားဆိုသည့်အချက်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း L'Equipe က ဖော်ပြခဲ့သည်။
ထို့ပြင် LFP တာဝန်ရှိသူများသည် PSG နှင့် လိုင်ယွန်အသင်းတို့ ကစားမည့် ပြင်သစ်လိဂ်ဖလားဗိုလ်လုပွဲကို ဇွန်လ (၂၇)ရက်၊ PSG အသင်းနှင့် စိန့်အက်တီယန်အသင်းတို့ ကစားမည့် ပြင်သစ်ဖလားဗိုလ်လုပွဲကို ဇူလိုင်လ (၁၁)ရက်တွင် ကျင်းပရန်သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။
ယခုရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲတို့ကို ပြီးဆုံးအောင် ကျင်းပလိုသည့်အတွက် လီဂူးပြိုင်ပွဲကို ဇူလိုင် (၂၅)ရက်တွင် အသုံးသတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။