အင်တာမီလန်ဝါရင့်နောက်ခံလူ ဂိုဒင်သည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ Tuttosport က ဖော်ပြခဲ့သည်။
အင်တာမီလန်ဝါရင့်နောက်ခံလူ ဂိုဒင်သည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ Tuttosport က ဖော်ပြခဲ့သည်။
အသက် (၃၄) နှစ်အရွယ်ရှိ ဥရုဂွေးဝါရင့်နောက်ခံလူ ဂိုဒင်သည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် အက်သလက်တီကိုအသင်းမှ အင်တာမီလန်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
သို့သော် ၎င်းသည် အင်တာမီလန်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသူဖြစ်ပြီး အသင်းနည်းပြ ကွန်တီသည် ဂိုဒင်ထက် ဘက်တိုနီကိုသာ ပိုမိုသဘောကျကြောင်း သိရသည်။
ထို့ကြောင့် ဂိုဒင်သည် အင်တာမီလန်အသင်းမှ ထွက်ခွာပြီး ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သည့် မန်ယူ၊ စပါးအသင်းများသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း Tuttosport သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။
စပါးအသင်းနည်းပြ မော်ရင်ဟိုသည် အသင်း၏ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းရန်အတွက် ဂိုဒင်ကို ခေါ်ယူလိုနေသော်လည်း ဂိုဒင်သည် မန်ယူအသင်းကိုသာ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်းလည်း အဆိုပါသတင်းစာက ဖော်ပြခဲ့သည်။
ဂိုဒင်သည် အက်သလက်တီကိုအသင်းနှင့်အတူ ၂၀၁၃-၁၄ ရာသီတွင် လာလီဂါချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သူဖြစ်သော်လည်း အင်တာမီလန်တွင်မူ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရပြီး ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် (၁၆)ပွဲသာ ပါဝင်ကစားခွင့် ရခဲ့သည်။