ကလေးမြို့နယ် အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၃၀၀၀၀ ကျော်ကို စားနပ်ရိက္ခာ ထောက်ပံ့မှု စတင်

ကလေးမြို့နယ် အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၃၀၀၀၀ ကျော်ကို စားနပ်ရိက္ခာ ထောက်ပံ့မှု စတင်
Published 11 April 2020
အောင်သူထွန်း

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၃၀၀၀၀ ကျော်ကို စားနပ်ရိက္ခာ ထောက်ပံ့မှုကို ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းမှ စတင်၍ ထောက်ပံ့မှုများ ပေးနေကြောင်း သိရသည်။

“ဒီကနေ့က ကလေးမြို့နယ်က လူဦးရေ ၃ သိန်းကျော် ရှိတယ်။ ပုံမှန် ဝင်ငွေ မရှိသော လက်လုပ်လက်စား စာရင်းကို ကောက်ယူတဲ့ အခါ မှာ အချိန်တော့ အများကြီး မရတဲ့အတွက်ကြောင့် အုပ်ချုပ်ရေးမှုးတွေကတော့ ရတဲ့အချိန်အတွင်းမှာ အမြန်ကောက် အမြန်ပို့ရတော့ စာရင်းက ၃၀၁၁၇ အိမ်ထောင်စု တင်ရတယ်။ စာရင်းက အမြန်ဖြစ်တော့ ပိုတာ ရှိနိုင်သလို လိုတာလည်း ရှိနိုင်ပါတယ်။ တကယ့် တကယ် ဖြန့်ဝေတဲ့အခါကျလို့ရှိရင် မဖြစ်မနေကိုဘဲ ဒီလူဟာ လက်လုပ်လက်စားဖြစ်တယ်။ စာရင်းကောက်တဲ့အချိန် မရှိတဲ့အတွက် မသိလိုက်ဖူးဆိုရင် အုပ်ချုပ်ရေးမှုးတွေက တဆင့် မှတ်ခိုင်းထားတယ်။ မှတ်ခိုင်းပြီး လိုအပ်တဲ့ လူစာရင်းကို မြို့နယ်ကို တက်ပြီး ဘယ်လိုနည်းနဲ့ စဉ်းစားမလဲဆိုတဲ့ နည်းလမ်းတွေ ရှိပါတယ်။ တကယ် ဖြန့်ဝေတဲ့ အခါကြတော့ အခြေခံ လက်လုပ်လက်စားတွေက ဒီပစ္စည်းတွေကို ဘယ်သူကပေးတယ်၊ ဘာကြောင့် ပေးတယ်ဆိုတာ မသိတဲ့ ပြည်သူတွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့် အုပ်ချုပ်ရေးမှုးတွေက ရောဂါ ဖြစ်နေတဲ့ အချိန်မှာ ဒါ့ကြောင့် ဒါ့ကြောင့် ပေးပါတယ်။ ဒီကာလ အတွင်းမှာ အိမ်ပြင်ကို မထွက်ကြဖို့ လိုအပ်ပါတယ် ဆိုတဲ့ အသိပညာပေးမှု လိုအပ်နေတာကို တွေ့ရတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်မှ ပြောကြားခဲ့ပါသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများအတွက် အခြေခံ စားသောက်ကုန် (၅) မျိုး ( ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်) ကို ကလေးမြို့နယ် အတွင်းရှိ အိမ်ထောင်စု ၃၀၁၁၇ စုအား အခမဲ့ ဖြန့်ဖြူးထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ထောက်ပံ့ရာတွင်လည်း ပြည်သူလူထု အနေနှင့် မိမိထက် ပိုမိုအဆင်မပြေသည့် အိမ်ထောင်စုများကို ဦးစားပေးစေချင်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားခဲ့သည်။

ကျွန်မတို့ တကယ် ကွင်းဆင်း သွားကြည့်တဲ့ အခါကြတော့ ဆွဲကြိုးတွေ၊ နားကပ်တွေ၊ လက်ကောက်တွေနဲ့ လာယူတဲ့ စာရင်းတွေမှာ တွေ့ရတယ်။ ကျွန်မတို့က ဒီဖက် ပိုပြီးတော့မှ လုံးဝကို အဆင်မပြေတဲ့ အိမ်ထောင်စုတွေကို ကြည့်ပေးစေချင်တယ်။ ကျွန်မတို့ တစ်တွေက သင်္ကြန်ကာလမှာ အပြင်ထွက် ပြီးတော့ အလုပ်မလုပ်ခဲ့ရင် စားစရာ ပြတ်မယ်ဆိုတဲ့ အနေအထားမျိုးဖြစ်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေးစေချင်တယ်။ ဒီနေရာမှာ အုပ်ချုပ်ရေးမှုးတွေ အပေါ်ကို အပြစ်မတင်လိုဘူး။ ရတဲ့ အချိန်မှာ ရသလို စာရင်းပို့ရပါတယ်။ စာရင်းကျန်သွားတာ ရှိမယ်။ စာရင်းမှားနိုင်တယ်။ စေတနာအမှား ဖြစ်နိုင်တယ်။ စေတနာ အမှားဆိုရင် ခွင့်လွှတ်တယ်။ ပြည်သူတွေကလည်း ပါဝင်ပူးပေါင်းစေချင်တယ်။ ငါတို့က ဒီပစ္စည်းကို မယူရင်လည်း ရတယ်ဆိုရင် မယူပဲနဲ့ ကိုယ့်ထက် အဆင်မပြေတဲ့ မိသားစုတွေကို ပြန်မျှဝေနိုင်ဖို့ ကူညီပေးစေချင်တယ် ။ ပါဝင်ပေးစေချင်တယ်။ ပစ္စည်းပေးဝေလို့ရတဲ့ မိသာစုတွေကိုလည်း ဒီပစ္စည်းကို ဘာ့ကြောင့် ပေးတာလဲ။ နိုင်ငံတော်က ပိုလျှံလို့ ပေးတာမဟုတ်ဘူး။ COVID-19 လို့ ခေါ်တဲ့ ကပ်ရောဂါဟာ တစ်နိုင်ငံလုံးမှာ ဒီ့ထက် အခြေအနေ ပိုဆိုးလာတဲ့အခါ အိမ်ထဲကနေ အိမ်ပြင်လုံးဝ မထွက်ရဘူး ဆိုတဲ့ အနေအထားမျိုး ကြုံလာခဲ့ရင် ခိုးမှု လုယက်မှု စတဲ့ ဒုစရိုက်မှုတွေ ဖြစ်လာနိုင်ခြေ အများကြီးရှိတယ်။ ဒါမျိုးတွေ မဖြစ်လာအောင် နိုင်ငံတော်ကနေ စာဝတ်နေရေး အဆင်ပြေအောင် ဆောင်ရွက်ပေးတာပါ ။ ပြည်သူပြည်သားတွေကလည်း ပူးပေါင်းပါဝင် ပေးစေချင်တာက ကူးစက်ရောဂါ ဒီ့ထက်ပိုမို မပြန့်ပွားအောင်လို့ အတတ်နိုင်ဆုံး စားနပ်ရိက္ခာကိုလည်း ပေးဝေပြီးသားဖြစ်လို့ အိမ်ထဲမှာနေပါ။ မဖြစ်မနေ ထွက်ရမယ်ဆိုရင် Mask တပ်ပါ။ လက်ဆေးပါ။ အပြင်က ပြန်လာရင် ဖြစ်နိုင်ရင် ရေမိုးချိုးတာ ကောင်းပါတယ်” ဟု ဒေါ်သန့်ဝေကျော်မှ ဆက်လက် ပြောကြားပါသည်။

 

Most Read

Most Recent