နေပြည်တော်-မန္တလေး ယာဉ်လိုင်းများ ဧပြီ ၇ ရက်နှင့် နေပြည်တော်- ရန်ကုန် ယာဉ်လိုင်းများ ဧပြီ ၁၀ ရက်မှ စတင်၍ ပြေးဆွဲမှုများ ရပ်ဆိုင်းထားရမည်

နေပြည်တော်-မန္တလေး ယာဉ်လိုင်းများ ဧပြီ ၇ ရက်နှင့် နေပြည်တော်- ရန်ကုန် ယာဉ်လိုင်းများ ဧပြီ ၁၀ ရက်မှ စတင်၍ ပြေးဆွဲမှုများ ရပ်ဆိုင်းထားရမည်
Published 6 April 2020
နေရိုင်း၊အောင်မင်းသိန်း

နေပြည်တော်-မန္တလေး ယာဉ်လိုင်းများ ဧပြီ ၇ ရက်နှင့် နေပြည်တော်-ရန်ကုန် ယာဉ်လိုင်းများ ဧပြီ ၁၀ ရက်မှစတင်၍ ပြေးဆွဲမှုများကို ရပ်ဆိုင်းထားရမည် ဖြစ်ကြောင်း သိရသည်။

“ နေပြည်တော်ကောင်စီနဲ့ နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အနေနဲ့ကတော့ ယာဉ်လိုင်းတွေကို COVID အတွက်သော် လည်းကောင်း၊ သင်္ကြန်အတွက်သော် လည်းကောင်း လောလောဆယ် ပိတ်တာတို့ ဘာတို့ တရားဝင် ညွှန်ကြားတာတော့ မရှိဘူး။ သို့သော် ယာဉ်လိုင်းတွေ အစီအစဉ်နဲ့တော့ အရင်နှစ်တွေလည်း ဒီလိုပဲပိတ်ကြတယ်။ ယာဉ်လိုင်းအလိုက်ပေါ့။ သူတို့ရဲ့ လုပ်ငန်းအခြေအနေ၊ ဝန်ထမ်းအခြေအနေနဲ့ ခရီးသည် အခြေအနေတွေအရ ပိတ်တာရှိတယ်။ ဒီနှစ်မှာတော့ တစ်ချို့ခရီးစဉ်တွေလည်း ယာဉ်လိုင်းတွေလည်း COVID ရောဂါပေါ့။ ဒီရောဂါအန္တရာယ် စိုးရိမ်တဲ့အတွက် ကြိုပိတ်တာလည်း ရှိတယ်” ဟု နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီမှ ဒုတိယဌာနမှူး ဦးအောင်ကျော်နိုင်က ပြောကြားသည်။

နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီထံသို့ ခေတ္တရပ်နားရန် တင်ပြထားသည့် ယာဉ်လိုင်း ၃၂ လိုင်းရှိကြောင်း ဦးအောင်ကျော်နိုင်က ပြောကြားသည်။

ဦးအောင်ကျော်နိုင်က “ ကျွန်တော်တို့ဆီကတော့ ပိတ်သိမ်းတာ မရှိဘူး။ သို့သော် မန္တလေးတိုင်းဒေသကြီး အနေနဲ့လည်း စာထွက်ထားတယ်။ မန္တလေးတိုင်းကတော့ ၇ ရက်ဆိုရင် သူ့ဆီကို ခရီးသည် အဝေးပြေးယာဉ်တွေ ဖြတ်သွားလို့ မရတော့ဘူးပေါ့။ အလားတူပဲ စစ်ကိုင်းတိုင်းကလည်း မနေ့က စာထွက်လာတယ်။ စာထွက်လာတော့ သူလည်း အလားတူပဲ ဒီရက်မှာ ၂၁ အထိပေါ့၊ ပိတ်လိုက်ပြီဆိုတော့ ဒီနေ့ ၆ ရက်ဖြစ်တဲ့အတွက် မနက်ဖြန်ဆိုရင်တော့ သွားလို့မရတော့ဘူးပေါ့။ တစ်ချို့ ခရီးစဉ်တွေလည်း မန္တလေးနဲ့ ဆက်နွယ်တဲ့ ခရီးစဉ်ဆိုရင် မန္တလေးရှိမယ်။ ဟိုဘက်ကို စစ်ကိုင်းတိုင်းခရီးစဉ်တွေ ရှိမယ်။ ကချင်ပြည်နယ် ခရီးစဉ်ရှိမယ်။ နောက် မိထ္တီလာကနေတက်တဲ့ ရှမ်းတောင်၊ ရှမ်းတောင် ကနေတဆင့် ကယားပြည်နယ် ခရီးစဉ်တွေ ရှိမယ်။ နောက်ထပ် မန္တလေး ပြင်ဦးလွင်ဖြတ်တဲ့ မူဆယ်၊ လားရှိုးစတဲ့ ခရီးစဉ်တွေ ဒါတွေကတော့ မန္တလေးတိုင်းက ဖြတ်သွားခွင့်မရှိရင်တော့ အလိုအလျောက်တော့ ပိတ်သွားမယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် နှစ်များကလည်း သင်္ကြန်ကာလတွင် ယာဉ်လိုင်းများ ပိတ်ကြသည့် ထုံးစံရှိပြီး ယာဉ်လိုင်း နှစ်လိုင်း၊ သုံးလိုင်းခန့်သာ သင်္ကြန်ကာလအတွင်း ပြေးဆွဲမည်ဟု ကြိုတင်၍ စာတင်ကြကြောင်း၊ ယင်းသို့ တင်ပြလာမှုများကို ဒေသဆိုင်ရာ ကြီးကြပ်ကွပ်ကဲသည့် အဖွဲ့များကို တင်ပြပြီး အရေးပေါ် အစိုးရကိစ္စများကို သွားလာနိုင်ရန်၊ Public အနေနှင့် အကူအညီ တောင်းလာပါကလည်း ကူညီပေးရန် စာရင်းပြုစုထားရခြင်းများ ရှိသော်လည်း ယခုနှစ်တွင် ယာဉ်လိုင်းအများစု ပိတ်မည်ဖြစ်ကြောင်း ဦးအောင်ကျော်နိုင်က ပြောကြားသည်။

“ ၁၀ ရက်နေ့မှာတော့ ရန်ကုန်တိုင်းက ပိတ်မယ်ဆိုရင် ရန်ကုန်တိုင်းနဲ့ဆက်စပ် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ ရှိတယ်။ နောက် ဧရာဝတီပေါ့။ ရန်ကုန်ကို ဖြတ်သွားရတဲ့ ဧရာဝတီရှိမယ်။ နောက် မော်လမြိုင်၊ ထားဝယ် လိုင်းပေါ့။ အဲဒီဟာတွေကတော့ ၉ ရက်နေ့ နောက်ဆုံးဖြစ်တဲ့အတွက် ဟိုဘက်မှာ အိပ်မယ့်သူ ဆိုရင်တော့ ၉ ရက်နေ့ထွက်ပြီးရင် ပြန်မလာရတော့ဘူး။ ၁၀ ရက်နေ့ဆိုရင်တော့ အထက်အောက်တော့ ပိတ်သွားမယ့် အခြေအနေ ရှိတာပေါ့။ ဒါကတော့ ဒီက မပိတ်သော်လည်း ဟိုဘက် သက်ဆိုင်ရာအစိုးရတွေရဲ့ တားမြစ်ကန့်သတ်မှုနဲ့ ပိတ်သွားမှာပါ” ဟု ဦးအောင်ကျော်နိုင်က ပြောကြားသည်။

သင်္ကြန်အကြိုနေ့ မတိုင်ခင် တစ်ရက်နေ့အထိ ယခင်နှစ်များက ယာဉ်လိုင်းအများစုသည် ပြေးဆွဲမှုများ ရှိခဲ့သော်လည်း ယခုနှစ်တွင် COVID-19 ရောဂါကြောင့် ကြိုပိတ်ကြခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၏ ညွှန်ကြားချက်များနှင့်အညီ ယာဉ်လိုင်းများကို ပြန်လည်ပြေးဆွဲမည် ဖြစ်ကြောင်း ဦးအောင်ကျော်နိုင်က ပြောကြားသည်။

ယင်းကြောင့် အချို့ယာဉ်လိုင်းများတွင် လက်မှတ်များ ကြိုတင်ရောင်းချထားသဖြင့် လက်မှတ်ငွေ ပြန်အမ်းခြင်းများ ရှိကြောင်း ဦးအောင်ကျော်နိုင်က ပြောကြားသည်။

Most Read

Most Recent