ရန်ကုန်တိုင်းအတွင်း COVID-19 နှင့်ပတ်သက်၍ Quarantine ၃၀၀၀ နီးပါး ပြုလုပ်ထားပြီး လူဦးရေ နှစ်သောင်းနီးပါး ဝင်ဆံ့နိုင်မည့် Community Base Facility Quarantine ကို စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ဧပြီ ၅ ရက်တွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 နှင့်ပတ်သက်၍ ဧပြီ ၄ ရက်အထိ Hospital Quarantine ပြုလုပ်ထားသူ ၃၁ ဦး၊ Hotel Quarantine ပြုလုပ်ထားသူ ၈၄၂ ဦး၊ Facility Quarantine ပြုလုပ်ထားသူ ၂၀၈၈ ဦးရှိကြောင်း ဦးမိုးဟိန်းက ပြောကြားသည်။
“ ၃၀၀၀ နီးပါးကို ကျွန်တော်တို့ ဆောင်ရွက်ပေးထားပါတယ်။ Facility Quarantine မှာ ၂၀၈၈ ဦးကို ဆောင်ရွက်ပေးထားပါတယ်။ နောက်ထပ်ဝင်ဆံ့တဲ့ ၂၁၀၀ လောက်ကို ထည့်ထားနိုင်ခဲ့ပါတယ်။ ဒါကတော့ လက်ရှိတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ ဆောင်ရွက်နေတဲ့ Quarantine အခြေအနေဖြစ်ပါတယ်” ဟု ဦးမိုးဟိန်းက ပြောကြားသည်။
COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၁ ဦးအနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါပိုးတွေ့ရှိသူ ၁၂ ဦးရှိပြီး Case-5 လူနာမှာ မတ် ၃၁ ရက် သေဆုံးခဲ့ကြောင်း သိရသည်။
“ ရပ်ကွက်တွေကတော့ မြို့နယ်အလိုက် ဆောင်ရွက်နေတဲ့ Community Base Facility Quarantine ဆိုတဲ့ အခြေအနေလေး ဖြစ်ပါတယ်။ ဒါကတော့ ၁၆၀၀၀ လောက် ထားနိုင်ပါတယ်။ လက်ရှိမှာတော့ ၂၃၈ ယောက် ထားရှိပြီး ဖြစ်ပါတယ်။ စုစုပေါင်း ဝင်ဆံ့တာကတော့ ၂၀၀၀၀ နီးပါးလောက်ကို လုပ်ထားပါတယ်” ဟု ဦးမိုးဟိန်းက ပြောကြားသည်။
COVID-19 နှင့်ပတ်သက်၍ လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ကို ခုတင် ၁၀၀၀ ဆံ့ ဆေးရုံအဖြစ် ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအင်အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။
လက်ရှိဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ကို ပြုပြင်လျက်ရှိပြီး လာမည့်ရက်ပိုင်းအတွင်း အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားထားသည်။
“ ရန်ကုန်တိုင်းမှာ COVID နဲ့ပတ်သက်ပြီးတော့ လှည်းကူးဖောင်ကြီး (ဗဟိုဝန်ထမ်း တက္ကသိုလ်) ကို ခုတင် ၁၀၀၀ ဆံ့ ဆေးရုံအဖြစ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါတယ်။ အဲဒါကို လာမယ့် ၆ ရက်နေ့လောက်မှာတော့ စတင်အကောင်အထည်ဖော်နိုင်အောင် ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းသို့ စောင့်ကြည့်လူနာ ၁၅၀ ခန့်ထားရှိနိုင်ရန်အတွက် သိမ်ဖြူလက်ဝှေ့ရုံကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး မတ် ၂၂ ရက်တွင် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလာပါက သီးသန့်ခွဲထားနိုင်ရန် တိုက်ခန်း ၅၀၀ ခန့်ကို အသင့်ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မတ် ၂၁ ရက်က ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ ပြည်ထောင်စုခန်းမတွင် ပြုလုပ်သည့် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
ရောဂါဖြစ်ပွားခဲ့ပါက ရန်ကုန်ဆေးရုံကြီး၏ Under Control အောက်မှ ခုတင် ၃၀၀ ဆံ့ ဆေးရုံနှစ်ခုကို ချက်ချင်းအကောင်အထည်ဖော်နိုင်ရန် ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဧပြီ ၄ ရက် ညပိုင်း သတင်းထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံမှ ပြန်လာသည့် အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ၂၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။















