ပြည်တွင်းရွှေ့ပြောင်းသူများ မဲပေးခွင့်ကို မူလနည်းဥပဒေပါ ရက် ၁၈၀ အတိုင်းထားရှိသင့်ဟု ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်

ပြည်တွင်းရွှေ့ပြောင်းသူများ မဲပေးခွင့်ကို မူလနည်းဥပဒေပါ ရက် ၁၈၀ အတိုင်းထားရှိသင့်ဟု ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်
Published 21 March 2020
ဉာဏ်လင်းထွန်း

ပြည်တွင်းရွှေ့ပြောင်းသူများမဲပေးခွင့် ရက်ကန့်သတ်ချက်ကို မူလပြဋ္ဌာန်းချက်ပါ ရက်ပေါင်း ၁၈၀ အတိုင်းသာထားရှိသင့်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မတ် ၂၀ ရက်တွင် ထုတ်ပြန်သည်။

လွှတ်တော်သုံးရပ်၏ ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၁၀ ပါ ရက်ပေါင်း ၁၈၀ ထက် မနည်းဆိုသည့်  စကားရပ်ကို ရက်ပေါင်း ၉၀ ထက်မနည်းဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ခဲ့သည်။

အဆိုပါပြင်ဆင်ပြဋ္ဌာန်းချက်ကြောင့် အင်အားကြီးပါတီများက မိမိတို့ပါတီကို ထောက်ခံသူများအား မဲပေးခွင့်ရရှိအောင် ဖန်တီးခြင်း၊ ထောက်ခံသည့် ပါတီကို မဲပေးလိုစိတ်ဖြင့် ရွှေ့ပြောင်းလိုသူတို့အတွက် အခွင့်အလမ်းဖြစ်စေသည်ဟု ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်သည်။

“ ဥပဒေဖြေလျှော့မှုကို အခွင့်ကောင်းယူ၍ မလျော်ကန်သောနည်းလမ်းများ ကျင့်သုံးလာနိုင်ခြင်းကြောင့် မဲမသမာမှု ကိစ္စရပ်များ ရှိလာနိုင်သည်”  ဟု ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ပြင်ပမှ ရွှေ့ပြောင်းမဲဆန္ဒရှင်များကြောင့် ဒေသတွင်းကို အဓိကထားယှဉ်ပြိုင်သည့် တိုင်းရင်းသားပါတီများ၏ အခွင့်အရေးများ ဆုံးရှုံးနိုင်ပြီး ရွှေ့ပြောင်းလုပ်သားအများအပြားရှိသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွက် ထိခိုက်မှုများရှိလာနိုင်သည်ဟု ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ မူရင်းဒေသခံများ၏ သဘောထားကို လွှမ်းမိုးအနိုင်ယူရာရောက်နေသဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စု တည်ဆောက်ရာတွင် အရေးကြီးသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကဏ္ဍကို အားလျော့နိုင်စေသည်” ဟု ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက်ပေါင်း ၁၈၀ ပြဋ္ဌာန်းချက်ဖြင့် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ၊ ကြားဖြတ်ရွေးကောက်ပွဲများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သောကြောင့် မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိသင့်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွှေ့ပြောင်းမဲဆန္ဒရှင်များကို မိမိမူလနေထိုင်ရာ မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်လောင်းအတွက်သာ ကြိုတင်မဲပေးခြင်းစနစ် ကျင့်သုံးသင့်သည်ဟု ပြည်ခိုင်ဖြိုးပါတီက ဆိုသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေပါ ပုဒ်မ ၁၀ သည် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ၊ ရွှေ့ပြောင်းလုပ်သားများ ဆန္ဒမဲပေးနိုင်ရေး ရည်ရွယ်သည့် ပုဒ်မ ဖြစ်သည်။

ယခင် နည်းဥပဒေအရ ပြည်တွင်းရွှေ့ပြောင်းသူများအနေဖြင့် ရောက်ရာမဲဆန္ဒနယ်တွင် အနည်းဆုံးခြောက်လနေထိုင်မှ ရောက်ရာဒေသမှ ကိုယ်စားလှယ်လောင်းကို   ဆန္ဒမဲပေးနိုင်မည်ဖြစ်သော်လည်း ယခု ပြင်ဆင်နည်းဥပဒေအရ သုံးလနေထိုင်ရုံဖြင့် မဲပေးခွင့်ရရှိမည်ဖြစ်ရာ ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့်အခွင့်အရေး ပိုုမိုရရှိစေမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုသည်။

နည်းဥပဒေပြင်ဆင်ချက်များအပေါ် ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်က မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲများသဖြင့် အနိုင်ရကာ အမျိုးသားလွှတ်တော်၏ သဘောထားကို ဆက်လက်ရန် ရှိနေသည်။

 

Most Read

Most Recent