COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် SME လုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ကနဦး မတည်ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ မှ ချေးငွေထုတ်ချေးမည်

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် SME လုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ကနဦး မတည်ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ မှ ချေးငွေထုတ်ချေးမည်
စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ - MIFER)
စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ - MIFER)
Published 19 March 2020

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုအများဆုံး ခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ကနဦး မတည်ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ မှ ချေးငွေထုတ်ချေးမည် ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER)၊ နေပြည်တော်၌ ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၀) ၏ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံး ခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့် ကဏ္ဍအဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ကျပ်ဘီလျံ ၅၀ နှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀၊ စုစုပေါင်း ကျပ်ဘီလျံ ၁၀၀ ကို ကနဦးမတည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်သွားမည်ဖြစ်သည်။

အဆိုပါ ရန်ပုံငွေဖြင့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ထုတ်ချေးသွားမည်ဖြစ်ပြီး စီးပွားရေး ထိခိုက်မှုအပေါ် မူတည်၍ အတိုးနှုန်းနှင့် ချေးငွေကာလကို လိုအပ်သလို ပြန်လည်သုံးသပ်သွားမည် ဖြစ်ကြောင်း သိရသည်။

CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးမည့် ဒုတိယ သုံးလပတ်အတွက် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည့် တတိယသုံးလပတ် အတွက်လည်းကောင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်များကို စက်တင်ဘာ ၃၀ ရက်အထိ ပေးဆောင်နိုင်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မတ် ၃၁ ရက်တွင် ကုန်ဆုံးမည့်လအတွက်မှ စတင်၍ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၃၁ ရက်တွင် ကုန်ဆုံးမည့်လအတွက်အထိ လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို စက်တင်ဘာ ၃၀ ရက်အထိ ပေးဆောင်နိုင်သည်ဟု သိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်အထိ ကင်းလွတ်ခွင့် ပေးမည်ဖြစ်သည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၀)တွင် COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံး ခံစားရသည့် လုပ်ငန်းကဏ္ဍများကို ကုစားရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်း၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကိစ္စများကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 

Most Read

Most Recent