ဆောင်ရွက်ဆဲလုပ်ငန်း ကိုးခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် ကုန်ထုတ်လုပ်မှု၊ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် ဒေါ်လာ ၁၃၁ သန်းကျော်နှင့် ကျပ် ၁၁၃ ဘီလျံကျော်ရှိသည့် လုပ်ငန်းအသစ်ခြောက်ခု MIC ခွင့်ပြု

ဆောင်ရွက်ဆဲလုပ်ငန်း ကိုးခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် ကုန်ထုတ်လုပ်မှု၊ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် ဒေါ်လာ ၁၃၁ သန်းကျော်နှင့် ကျပ် ၁၁၃ ဘီလျံကျော်ရှိသည့် လုပ်ငန်းအသစ်ခြောက်ခု MIC ခွင့်ပြု
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ-DICA)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးကို တွေ့ရစဉ်(ဓာတ်ပုံ-DICA)
Published 7 March 2020
နီလာ

ဆောင်ရွက်ဆဲလုပ်ငန်း ကိုးခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် ကုန်ထုတ်လုပ်မှု၊ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် ဒေါ်လာ ၁၃၁ သန်း ကျော်နှင့် ကျပ် ၁၁၃ ဘီလျံကျော်ရှိသည့် လုပ်ငန်းအသစ်ခြောက်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုလိုက်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၀) ကြိမ်မြောက်အစည်းအဝေးကို မတ် ၆ ရက်က ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးတွင် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၃၁ ဒသမ ၁၂၅ သန်းနှင့် ကျပ် ၁၁၃၈၁၀ ဒသမ ၃၃၅ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၈၅၀ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့်နိုင်ငံများမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။

နိုင်ငံပေါင်း ၅၀ မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၇၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၀၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၅၃၈ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာသန်း ၄၄၀ ကျော်ဖြင့် ဒုတိယအများဆုံးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အခြားကဏ္ဍတွင် ဒေါ်လာ ၁၈ ဒသမ ၈၇၃ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၅၈ ဒသမ ၈၉၀ သန်းအထိ မြှုပ်နှံထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ သုံးလအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံက ဒေါ်လာ ၁ ဒသမ ၁၆၄ ဘီလျံကျော် လာရောက်ရင်းနှီးမြှုပ်နှံထားကြပြီး ဟောင်ကောင်က ဒေါ်လာ ၈၂၄ သန်းကျော်ဖြင့် နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုစာရင်း၌ ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယခင်က နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုစာရင်း၌ ထိပ်ဆုံးမှ ရပ်တည်ခဲ့သည့် စင်ကာပူက သုံးလအတွင်း ဒေါ်လာ ၁၆၆ ဒသမ ၈၁၈ သန်းဖြင့် ဒုတိယနေရာတွင်သာ ရပ်တည်နေသည်။

အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ သုံးလအတွင်း တရုတ်နိုင်ငံက ဒေါ်လာ ၆၃ ဒသမ ၂၂၂ သန်း၊ ထိုင်းနိုင်ငံက ဒေါ်လာ ၁၄ ဒသမ ၄၈၃ သန်း၊ ဘရူနိုင်းနိုင်ငံက ဒေါ်လာ ၁၂ ဒသမ ၆၃၉ သန်း၊ ပြင်သစ်နိုင်ငံက ဒေါ်လာ ၈၁၄ သိန်း၊ ဂျာမနီနိုင်ငံက ဒေါ်လာ ၁ ဒသမ ၅၄ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ်လာ ၂ ဒသမ ၉၂၁ သန်း၊ ဂျပန်နိုင်ငံက ဒေါ်လာ ၆ ဒသမ ၀၇၃ သန်းနှင့် မလေးရှားနိုင်ငံက ဒေါ်လာ ၂ ဒသမ ၇၈၅ သန်းစသည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ လေးလအတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံရန် ဒေါ်လာ ၇၆ သန်းကျော် ခွင့်ပြုပေးခဲ့မှု အပါအဝင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၂ ဒသမ ၁၅၆ ဘီလျံကျော်အထိ ဝင်ရောက်မြှုပ်နှံရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုပေးလိုက်သည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့်နိုင်ငံ ဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent