ရခိုင်ပြည်နယ်အရေးဖြစ်စဉ်များနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုကြောင့် အမှုဖွင့်ခံထားရသည့် ဗကသကျောင်းသားခြောက်ဦးကို ချုပ်ရက်ရမန်ယူကာ အင်းစိန်ထောင်သို့ပို့ဆောင်

ရခိုင်ပြည်နယ်အရေးဖြစ်စဉ်များနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုကြောင့် အမှုဖွင့်ခံထားရသည့် ဗကသကျောင်းသားခြောက်ဦးကို ချုပ်ရက်ရမန်ယူကာ အင်းစိန်ထောင်သို့ပို့ဆောင်
Published 6 March 2020
မျိုးထက်ပိုင်

ရခိုင်ပြည်နယ်အရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုကြောင့် အမှုဖွင့်ခံထားရသည့် ဗကသကျောင်းသား ခြောက်ဦးကို မတ် ၆ရက်တွင် ချုပ်ရက်ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းသားကျောင်းသူ ကိုးဦး အနက် ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသားများဖြစ်သည့် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကိုနောင်ထက်အောင်၊ ကိုအောင်ပြည့်စံဖြိုး၊ ကိုဇော်ထက်နိုင်၊ မနှင်းနှင့် မအေးမြတ် မွန်ကျော်၊ ရန်ကင်းပညာရေးကောလိပ်မှ ကိုသုတစိုးတို့ ခြောက်ဦးကို မတ် ၆ ရက်တွင် ဖမ်းဆီးခဲ့ပြီး ချုပ်ရက်ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့ ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်က ကျောင်းသားကျောင်းသူ ခြောက်ဦးကို ချုပ်ရက်ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့မှာပါ။ ၁၂ ရက်နေ့ ရုံးချိန်းရှိပါတယ်။ ရန်ကုန်ပညာရေးတက္ကသိုလ်က ငါးယောက်နဲ့ ရန် ကင်းပညာရေးကောလိပ်က တစ်ယောက် စုစုပေါင်းခြောက်ယောက်ပါ’’ ဟု ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ပြောကြားသည်။

ရခိုင်ပြည်နယ်အရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုကြောင့် အမှုဖွင့်ခံထားရသည့် ကျောင်းသားကိုးဦးကို မတ် ၄ ရက်နေ့ နောက်ဆုံးထား၍ ကမာရွတ်မြို့မရဲစခန်းသို့ လာရောက်ရန် ဖေဖော်ဝါရီ ၂၈ ရက်က ဆင့်ခေါ်စာပေးပို့ခဲ့သည်။

အဆိုပါဆင့်ခေါ်စာကို ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းတာဝန်ရှိသူများထံသို့ ပေးပို့ထားခြင်းဖြစ်ပြီး မတ် ၄ ရက်နေ့တွင် ကမာရွတ်မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့သွားမည်ဖြစ်သည့်အတွက် ကမာရွတ်မြို့မရဲစခန်း သို့ နောက်ဆုံးထားလာရောက်ရန်နှင့် လာရောက်ခြင်းမရှိပါက တရားခံပြေးအဖြစ် တရားစွဲတင်ပို့သွားမည်ဖြစ်သည်ဟု ပါရှိသည်။

ရခိုင်ပြည်နယ်အရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားကျောင်းသူကိုးဦးကို ပုဒ်မ ၁၉ ဖြင့် ကမာရွတ်မြို့မရဲစခန်း၌ ဖေဖော်ဝါရီ၂၄ ရက်တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ကြိုတင်အကြောင်းကြား ထားခြင်းမရှိဟုဆိုကာ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသားကျောင်းသူများအနက် မနှင်း၊ မအေးမြတ်မွန်ကျော်၊ ကိုသုတစိုး၊ ကို ဇော်ထက်နိုင်၊ ကိုအောင်ပြည့်စံဖြိုး၊ ကိုသက် တင်အောင်၊ ကိုမြတ်ဟိန်းထွန်း၊ ကိုနောင်ထက်အောင်၊ ကိုကျော်လင်းတို့ ကိုးဦးကို ဖေဖော်ဝါ ရီ ၂၄ ရက် နံနက်ပိုင်းတွင် ကမာရွတ်မြို့မရဲစခန်းတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အမှုဖွင့်ခံထားရသည့် ကျောင်းသား ကျောင်းသူ ကိုးဦးအနက် ဗကသများအဖွဲ့ချုပ် မှ  ကိုနောင်ထက်အောင်၊ ကိုအောင်ပြည့်စံဖြိုး၊ ကိုဇော်ထက်နိုင်၊ ကိုသုတစိုး၊ မနှင်းနှင့် မအေးမြတ်မွန်ကျော်တို့မှာ ခံဝန်လက်မှတ်ရေးထိုးခြင်း မပြုကြောင်း၊ အာမခံမယူဘဲ အချုပ်ဖြင့် အမှုရင်ဆိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သော် လည်း လူမစုံသေးသည့်အတွက် တရားစွဲဆိုခြင်း မပြုသေးဟုဆိုကာ ပြန်လွှတ်ပေးခဲ့ကြောင်း ကျောင်းသားများထံမှ သိရသည်။

လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရခိုင်ပြည်နယ်ရှိ မူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၁ ဦး၏ဖြစ်စဉ်အပါအဝင် လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဗကသအဖွဲ့ဝင် ကျောင်းသားများ၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကင်းပညာရေးကောလိပ်၊ စီးပွားရေးတက္ကသိုလ်စသည့် တက္ကသို‌လ်‌ကျောင်းများမှ တက္ကသိုလ်ကျောင်းသား ၁၀၀ ခန့်က အချက်သုံးချက်ကို အဓိကထား၍ ဆန္ဒထုတ်ဖော်မှုတစ်ခုအား ဖေဖော်ဝါရီ ၂၃ ရက် ညနေ ပိုင်း၌ ပြုလုပ်ခဲ့သည်။

ကမာရွတ်မြို့နယ်၊ ဆင်ရေတွင်းမှတ်တိုင်မှ စတင်ကာ လှည်းတန်းစင်တာရှေ့ထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်သည့် အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ဗမာတစ်နိုင်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသားများ၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကင်းပညာ ရေးကောလိပ်၊ စီးပွားရေးတက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စသည့် တက္ကသိုလ်များမှ ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်များက အချက်သုံးချက်ကို အဓိကထား၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါအချက်သုံးချက်မှာ ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများဖြစ်ပွားရာတွင် စာသင်ကျောင်းများပေါ်သို့ လက်နက်ကြီးကျည်များကျခြင်း၊ စာ‌သင်ကျောင်းများပေါ်သို့ မကျရောက်သော်လည်း အရပ်သားများ သေဆုံး ခြင်းများ၊ ပြည်တွင်းပြည်ပမီဒီယာများ သတင်းယူခွင့်ပြုရန်နှင့် စုံစမ်းရေးအဖွဲ့များကို လွတ်လပ်စွာ လှုပ်ရှားခွင့်ရရေးတို့ဖြစ်ကြောင်း သိရပြီး ယင်းအချက်များအပြင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သည့် အခြားအကြောင်းအရာများနှင့် ပတ်သက်၍ ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော် ခဲ့သည်။

အဆိုပါဆန္ဒထုတ်ဖော်မှုသည် ကြိုတင်ဆန္ဒထုတ်ဖော်ခွင့်ပြုထားခြင်း မရှိသဖြင့် ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားရန်အတွက် ရဲတပ်ဖွဲ့က ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သည့် လူငယ်များအား အသိပေးထားကြောင်း သိရသည်။                   

 

 

Most Read

Most Recent