၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၀၆ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ရှစ်လ ဆက်တိုက် ရှစ်ရာခိုင်နှုန်း အထက်မြင့်တက်နေ

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၀၆ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ရှစ်လ ဆက်တိုက် ရှစ်ရာခိုင်နှုန်း အထက်မြင့်တက်နေ
ရန်ကုန်မြို့ရှိ စားသောက်ကုန်နှင့် ကုန်ခြောက်များရောင်းချသော အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စားသောက်ကုန်နှင့် ကုန်ခြောက်များရောင်းချသော အရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 6 March 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၀၆ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့် ဒီဇင်ဘာတွင်ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်း အနည်းငယ် ဆက်လက်မြင့်တက်လာ ကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ရှစ်လ ဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေး ဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၉ ဒသမ ၀၆ ရာခိုင်နှုန်းဖြစ်ပြီး၂၀၁၉ ခုနှစ် ဒီဇင်ဘာရှိ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၈၁ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ်ထပ်မံမြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ က ထုတ်ပြန်ထားသည်။၂၀၁၈ခုနှစ် ဧပြီမှ စ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လ ဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျကာ ဒီဇင်ဘာနှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအထိ တစ်နှစ် ပျမ်းမျှ ၉ ဒသမ ၀၆ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflatin ) မှာ ၉ ဒသမ ၀၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း မကွေးတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၁၅ ရာ ခိုင်နှုန်းဖြင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၂ ဒသမ ၀၈ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံးဖြစ်ခဲ့ကာ ဧရာဝတီတိုင်းဒေသကြီး တွင် ၁၁ ဒသမ ၈၆ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ မန္တလေးမြို့တွင် ၁၅ ဒသမ ၆၃ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်တွင် ၄ ဒသမ ၄၉ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှု ရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက် ယူခဲ့ကြောင်း သိရသည်။

ယခင်က ၂၀၀၆ ခုနှစ်ကိုအခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်းကို တွက်ချက်ခဲ့သော်လည်း ယခုအခါ ၂၀၁၂ ခုနှစ်စစ်တမ်းအပေါ် အခြေခံ၍အခြေခံနှစ် (Base Year) အား ပြောင်းလဲတွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ တစ်နှစ်ပျမ်းမျှ ၈ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာအထိ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၅၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၂၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် မေလတွင် ၄ ဒသမ ၂၉ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ၉ ဒသမ ၀၆ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျရန် ဘဏ္ဍာရေး၊ ငွေကြေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံခြားငွေထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံပြီး မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွ့ံဖြိုးတိုးတက်မှု ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)တွင် ဖော်ပြထားချက်အရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမကာလတို ငါးနှစ်စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယကာလတို ငါးနှစ်စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်)တွင် လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှု နှုန်းလျော့ကျစေရေးအတွက် ဘဏ္ဍာရေးမူ ၀ါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့် နိုင်ငံခြားငွေထိန်းချုပ်ရေးမူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေးကိစ္စရပ်များအား မဖြစ်မနေဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

Most Read

Most Recent