COVID-19 ရောဂါကြောင့် ရန်ကုန်-ဘန်ကောက်ခရီးစဉ် တစ်နေ့နှစ်ကြိမ် နေ့စဉ်ပျံသန်းနေသည့် Nok Air လေကြောင်းလိုင်း နံနက်ပိုင်းခရီးစဉ်ပျံသန်းမှုကို မတ်လကုန်အထိရပ်နား

COVID-19 ရောဂါကြောင့် ရန်ကုန်-ဘန်ကောက်ခရီးစဉ် တစ်နေ့နှစ်ကြိမ် နေ့စဉ်ပျံသန်းနေသည့် Nok Air လေကြောင်းလိုင်း နံနက်ပိုင်းခရီးစဉ်ပျံသန်းမှုကို မတ်လကုန်အထိရပ်နား
 Nok Air လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
Nok Air လေကြောင်းလိုင်း၏ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
Published 6 March 2020

COVID-19 ရောဂါကြောင့် ရန်ကုန်-ဘန်ကောက်ခရီးစဉ်အား တစ်နေ့နှစ်ကြိမ် နေ့စဉ်ပျံသန်းနေသည့် Nok Air လေကြောင်းလိုင်း၏ နံနက်ပိုင်း ခရီးစဉ်ပျံသန်းမှုအား မတ်လကုန်အထိ ရပ်နားခဲ့ပြီဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ သတင်းရရှိသည်။

Nok Air လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက်ခရီးစဉ်အား နေ့စဉ် တစ်နေ့နှစ်ကြိမ်နှုန်းဖြင့် ပျံသန်းနေရာမှ လက်ရှိတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် လေကြောင်းပျံသန်းမှုများအား ယခုကဲ့သို့ လျှော့ချပျံသန်းခြင်းဖြစ်ကြောင်း သိရသည်။

“ COVID-19 ရောဂါကြောင့် နံနက်ပိုင်းခရီးစဉ်ပျံသန်းမှုကို ရပ်နားခဲ့တာဖြစ်ပါတယ်။ ညနေပိုင်းတော့ ပျံသန်းမှာပါ။ ခရီးသည်တွေအတွက် လေယာဉ်လက်မှတ်ဖိုးကို အပြည့်ပြန်လည်ပေးအပ်တာရယ်။ နံနက်ပိုင်းခရီးစဉ်ဖျက်သိမ်းလို့ ညနေပိုင်းခရီးစဉ်ကို ပြောင်းလဲလိုတာရယ်နဲ့ သုံးလအတွင်း ကြိုက်တဲ့ခရီးစဉ်ကို ပြောင်းလဲနိုင်မယ့် အခွင့်အရေးတွေကို ပေးအပ်ထားပါတယ်။ လက်ရှိမှာ လေကြောင်းလိုင်းအနေနဲ့ ခရီးသည်တွေကို ခရီးစဉ်ဖျက်သိမ်းကြောင်း ဆက်သွယ်အသိပေးမှုတွေ ပြုလုပ်နေပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Nok Air လေကြောင်းလိုင်းကောင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုရီးယားနိုင်ငံတွင် ဖြစ်ပွားမှုနှုန်းမြင့်မားနေသည့် COVID-19 ရောဂါကြောင့် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းနေသည့် ကိုရီးယားလေကြောင်း လိုင်းခရီးစဉ်ဖြစ်သည့် အင်ချွန်း-ရန်ကုန်-အင်ချွန်းခရီးစဉ်ပျံသန်းမှုအား ရပ်ဆိုင်းခဲ့ကြောင်း မြန်မာနိုင်ငံလေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

ကိုရီးယားလေကြောင်းလိုင်းသည် ဆိုးလ်-ရန်ကုန် တိုက်ရိုက်ခရီးစဉ်အား နေ့စဉ် ပုံမှန်ခရီးစဉ်အဖြစ် ပျံသန်းနေရာမှ ၂၀၂၀ ပြည့်နှစ် မတ် ၃ ရက်မှစတင်ကာ တစ်ပတ်လေးကြိမ်သို့ ပြောင်းလဲပျံသန်းမည်ဖြစ်ကြောင်း နောက်ဆုံးသတင်းထုတ်ပြန်ထားရာမှ လက်ရှိတွင် ခရီးစဉ်ပျံသန်းမှုအား ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကိုရီးယားလေကြောင်းလိုင်းက နေ့စဉ်ပျံသန်းနေတဲ့ ဆိုးလ်-ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကို မတ် ၃ရက်ကစပြီး တစ်ပတ်လေးကြိမ်ပဲ ပျံသန်းဖို့ စီစဉ်ထားရာကနေ အခုလေကြောင်း ခရီးစဉ်ပျံသန်းမှုကိုပါ ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ လေကြောင်းခရီးစဉ်ပျံသန်းမှုကိုတော့ မတ် ၉ ရက်ကနေ ဧပြီ ၂၉ ရက်အထိ ရပ်ဆိုင်းထားလိုက်တာဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ပျံသန်းမည့် လေကြောင်းခရီးစဉ်များကို တားဆီးကန့်သတ်မှု ပြုလုပ်ခြင်းမရှိသေးသော်လည်း ယခင်က တရုတ်လေကြောင်းလိုင်း ၁၅ ခုက ခရီးစဉ်ပျံသန်းခဲ့ရာမှ လက်ရှိတွင် လေကြောင်းလိုင်းငါးခုသာ ပျံသန်းမှုရှိနေကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

“အဓိကကတော့ မြန်မာနိုင်ငံကို ခရီးစဉ် ချိတ်ဆက်ပျံသန်းနေတဲ့ နိုင်ငံတကာလေ ကြောင်းလိုင်းတွေအနေနဲ့ လေယာဉ်ပေါ်မှာခရီးသည်တွေကို Health Declaration ကို အပြီးအစီးပြည့်စုံမှန်ကန်စွာ ဖြည့်စွက်စေဖို့ ညွှန်ကြားမှုတွေပြုလုပ်ထားပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံက ICAO ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် WHO နဲ့ ICAO က ညွှန်ကြားမှုတွေအတိုင်း ဆောင်ရွက်စေပါတယ်” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။         

လေကြောင်းခရီးသွားလာမှုများမှတစ်ဆင့် COVID – 19 မြန်မာနိုင်ငံတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရန် WHO နှင့် ICAO ၏ ညွှန်ကြားချက်များအတိုင်း နိုင်ငံတကာခရီးစဉ်ပျံသန်းသည့် လေကြောင်းလိုင်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ပြည်တွင်းလေဆိပ်များ၌ ကူးစက်မြန် ကိုရိုနာရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များအား WHO နှင့် ICAO ၏ ညွှန်ကြားချက်များအတိုင်း လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

Most Read

Most Recent