ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံအချို့ ကုန်ကြမ်းပြတ်လပ်ကာ ပိတ်သိမ်းမှုများ ရှိနေသော်လည်း ဧရာဝတီတိုင်း အတွင်းရှိ အထည်ချုပ်စက်ရုံ ၁၁ ရုံမှာ လာမည့်ဇွန်လအထိ ကုန်ကြမ်းများရှိပြီး ပိတ်သိမ်းရန်မလိုဟု သိရ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံအချို့ ကုန်ကြမ်းပြတ်လပ်ကာ ပိတ်သိမ်းမှုများ ရှိနေသော်လည်း ဧရာဝတီတိုင်း အတွင်းရှိ အထည်ချုပ်စက်ရုံ ၁၁ ရုံမှာ လာမည့်ဇွန်လအထိ ကုန်ကြမ်းများရှိပြီး ပိတ်သိမ်းရန်မလိုဟု သိရ
Published 5 March 2020
မင်းသူဝင်းထွဋ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင်းမှ ကုန်ကြမ်းပစ္စည်းများ တင်သွင်း၍ မရရှိတော့ဘဲ မြန်မာနိုင်ငံ အတွင်းရှိ အထည်ချုပ်စက်ရုံ အချို့တွင် ကုန်ကြမ်းများ ပြတ်လပ်ကာ ပိတ်သိမ်းရမှုများ ရှိနေသော်လည်း ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အထည်ချုပ် စက်ရုံ ၁၁ ရုံမှာ လာမည့်ဇွန်လကုန်အထိ ကုန်ကြမ်းများ သိုလှောင်ထားနိုင်သေးပြီး စက်ရုံယာယီ ပိတ်သိမ်းခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ ဟွာမှုံအထည်ချုပ်စက်ရုံမှ ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်သွားသောကြောင့်ဟုဆိုကာ စက်ရုံ ပိတ်သိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် တိုင်းဒေသ ကြီးအတွင်းရှိ ကျန်ရှိသော အထည်ချုပ်စက်ရုံ များကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်တွင်းမှ ကုန်ကြမ်းပစ္စည်းများ မရရှိဘဲ စက်ရုံယာယီပိတ်သိမ်းရပါက အလုပ်သမားဥပဒေ များအတိုင်း လုပ်ဆောင်ရန် စက်ရုံတာဝန်ရှိ သူများ အစိုးရအဖွဲ့မှ မတ် ၅ ရက်တွင် ခေါ်ယူ တွေ့ဆုံမှာကြားခဲ့ကြောင်း၊ ယင်းသို့ တွေ့ဆုံမှုတွင် ကျန်ရှိသော အထည်ချုပ်စက်ရုံများမှာ လာမည့် ဇွန်လကုန်အထိ ကုန်ကြမ်းပစ္စည်း များ သိုလှောင်ထားနိုင်သေးပြီး ဆက်လက် လည်ပတ်နိုင်သေးကြောင်း ပြန်လည်တင်ပြခဲ့ကြကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

“အခုက ဒီလိုလေ အားလုံးသိကြတဲ့ အတိုင်းပဲ COVID-19 ကြောင့်ဖြစ်တဲ့ ရောဂါကြောင့်၊ အဓိကက စတင်ပြီးဖြစ်တဲ့ တရုတ်ပြည်ပေါ့။ အဲဒီလိုဖြစ်တဲ့ အခါကျတော့ အဖျားအနာတွေ ကူးစက်မှုကို လျှော့ချနိုင်ဖို့အတွက် အင်မတန်မှ အရေးကြီးတဲ့ လူချင်းလူချင်းတွေ့ ဆုံမှုတွေ ကုန်ပစ္စည်းတွေ ကိုင်တွယ်မှုတွေ အဲဒီလိုကနေ ကူးစက်တာတွေက များတာဖြစ် တဲ့အတွက် တရုတ်နိုင်ငံ အစိုးရအနေနဲ့ အချို့ဆက်သွယ်ရေး လမ်းကြောင်းတွေကို ခေတ္တခဏလေး ဖြတ်တောက်ထားတာရှိတယ်။ ဖြတ်တောက်ထားတဲ့ ဂယက်က ဘာရှိလဲ ဆို တော့ ဧရာဝတီတိုင်းထဲမှာ ရှိတဲ့အထည်ချုပ် စက်ရုံတွေပေါ့။ တော်တော်များများက တရုတ်ကလာတဲ့ ကုန်ကြမ်းနဲ့ပဲ လည်ပတ်ရတာ ဖြစ်တဲ့အတွက် ပထမဆုံးအနေနဲ့ ကန်ကြီးထောင့် မြို့နယ်မှာရှိတဲ့ ဟွာမှုံအထည်ချုပ် စက်ရုံက အလုပ်ရပ်စဲလိုက်ရတဲ့ အခြေအနေဖြစ်သွားတယ်။  အလားတူဖြစ်ဖို့ အလားအလာ ရှိတာပေါ့နော်။ သယ်ယူပို့ဆောင်ရေးတွေ ရပ်လိုက်တဲ့အတွက် လုပ်ငန်းရပ်တည်ဖို့ ခဲယဉ်းသွားတာပေါ့။ ကျန်တဲ့တရုတ်နဲ့ ပတ်သက်တဲ့ စက်ရုံတွေက ဧရာဝတီတိုင်းထဲမှာ အားလုံးပေါင်းဆိုရင် ကိုးရုံရှိတယ်။ ဒါတောင် အသစ်ဖြစ်တဲ့ မအူပင်နဲ့ ဒေးဒရဲနဲ့ မပါသေးဘူး။ အားလုံးဆိုရင် ၁၁ ရုံပေါ့။ အခု တစ်ရုံက ပိတ်လိုက်ရပြီ။ ကျန်တဲ့ ၁၁ ရုံကိုလည်း ပိတ်လိုက်ရင် ဖြစ်လာနိုင်တဲ့ ပြဿနာတွေက အလုပ်ရှင် အလုပ်သမား ပြဿနာတွေ ဖြစ်နိုင်တယ်။ သူတို့အလုပ်ကို ရပ်စဲလိုက်တယ်။ အခုကတော့ ယာယီပေါ့လေ။ ရောဂါကြောင့်ပေါ့ အပြီးအပိုင် ပိတ်သိမ်းတာ ယာယီပိတ်သိမ်းတာ သို့သော်လည်း ပိတ်သိမ်းစဉ်ခဏမှာ ဖြစ်လာမယ့် အလုပ်သမားတွေရဲ့ အခွင့်အရေး စားဝတ်နေရေး ကိစ္စတွေကို ရှင်းလင်းနိုင်ဖို့ တွက်ချက်ပြီးတော့ ပေးရတယ်။ ပေးတဲ့အခါကျတော့ အမှန်မှာက တကယ်ဆိုလို့ရှိရင် ကြိုတင်ပြီးတော့ သတိပေးပြီးတော့မှ ငါတို့တော့ ဒီအခြေအနေကြောင့် စက်ရုံပိတ်ရတော့မယ် ဆိုပြီးတော့ ၁၄ရက်ကြိုတင်ပြီးတော့ ပြော ရတယ်။ အခု မနေ့တစ်နေ့ကဖြစ်သွားတဲ့ကိစ္စ ဟွာမှုံဆိုရင် မပြောနိုင်ဘူး ကြိုတင်ပြီးတော့ မပြောနိုင်ဘဲနဲ့ တစ်ရက်နှစ်ရက်နဲ့ကို ပိတ် လိုက်ရတယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ အဲဒီအတွက်ကို ကြိုတင်မပြောမိတဲ့အတွက် နိုတစ်ကြေးဆိုပြီးတော့ သက်သက်ကို တစ်လ စာပေးရတယ်။ ပေးတဲ့အခါမှာ တချို့ကျ တော့လည်း စိတ်ပူတာပေါ့နော်။ ဒီအလုပ်အ ကိုင်တွယ်ကနေ မိမိတို့ရဲ့နိုင်ငံမှာလာပြီးတော့ နိုင်ငံခြားကနေ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ ဒီလို မျိုးပြဿနာဖြစ်တော့ အလုပ်ပိတ်တယ်ဆိုတော့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာလည်း လာပြီးတော့ ထိခိုက်တယ်။ အစစအရာရာပေါ့ ပြဿနာ ဖြစ်နိုင်တာမို့ ဒီနေ့လုပ်တဲ့ကိစ္စက ဘာမှမဖြစ်သေးတဲ့ စက်ရုံတွေကို ကြိုတင်ပြီးတော့ ဖြစ်လာခဲ့ရင် ဥပဒေနဲ့အညီလုပ် နိုင်ငံမှာရှိတဲ့ တည်ဆဲဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ သူ့သ ဘောနဲ့ သူတို့ အမှတ်တမဲ့ဥပဒေကို သွေဖည်ပြီးတော့ လုပ်မိမှာဆိုးလို့ အချိန်နဲ့တစ်ပြေးညီပေါ့နော်။ အလျင်မီအောင် အစိုးရအဖွဲ့အနေနဲ့ ထိန်းကျောင်းပြီးတော့ ဆောင်ရွက်ပြီးတော့ အချိန်နဲ့ တစ်ပြေးညီ လုပ်နိုင်အောင်လို့ ဥပဒေနဲ့ အညီလုပ်ဖို့ ခေါ်ပြီးတော့ ပြောတာပါ” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက ဆိုသည်။

စက်ရုံများတွင် ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားနိုင်သေးပြီး ဆက်လက်လည်ပတ်မည့် အကြောင်းများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက “တချို့တွေကတော့ ဟုတ်တယ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တစ်ခုထဲကိုပဲ အားကိုးပြီးတော့ ကုန်ကြမ်းကို ယူနေတာ၊ တချို့ကျတော့ မဟုတ်ဘူး ထိုင်းကယူတာရှိတယ်။ စင်ကာပူက ယူတာရှိတယ်။ သီရိလင်္ကာဘက်က ယူတာရှိတယ်။ အဲဒါတွေကတော့ သိပ်မထိခိုက်ဘူး။ မထိခိုက် တော့ သူတို့အပေါ်မှာ ထိခိုက်မှုရှိစရာ အကြောင်းမရှိဘူး။ လာမဲ့ ဇွန် ဇူလိုင်လောက် ရောက်တဲ့အထိကို သူတို့မှာ ကုန်ကြမ်းပြတ်စရာ အကြောင်းမရှိဘူး ပြောကြတယ်။ ဖြစ်ပုံက အခုပိတ်လိုက်ရတဲ့ ဟွာမှုံက လွန်ခဲ့တဲ့ ဒီဇင်ဘာလောက်က ဖြစ်ခဲ့တဲ့ သပိတ်မှောက်တဲ့ ကိစ္စပေါ့နော်။ အဲဒီတုန်းကတည်းက ကုန်ကြမ်းက သပိတ်မှောက်လိုက်တဲ့အတွက် စက်ရုံကလည်း နည်းနည်းလေးတော့ သူ့ရဲ့ဂုဏ်သတင်းလေး ထိခိုက်သွားတယ်။ အဲဒီမှာတင် အမှာစာတွေလည်း နည်းသွားတယ်။ ကုန်ကြမ်းမှာယူမှုလည်း နည်းသွားတယ်။ အဲဒီတုန်းကတည်းက ထိခိုက်တာ၊ အခုလို ဝူဟန်ဗိုင်းရပ်စ်ကိစ္စ ပေါ်လာတော့ သူကထိပ်ဆုံးက နေပြီးတော့ အထိခိုက်ဆုံး ဖြစ်သွားတာပေါ့။ ကျန်တဲ့စက်ရုံတွေက တရုတ်ကုန်ကြမ်း အားကိုးရတယ် ဆိုပေမယ့်လို့ သူတို့မှာ ပစ္စည်းမပြတ်ဘူး။ သူတို့ခုနပြောတဲ့ အတိုင်းဆိုရင် ၅ လပိုင်းလောက်ထိ ပစ္စည်းပြတ်စရာ အကြောင်းမရှိဘူး။ သူတို့ပိတ်စရာလည်း အကြောင်းမရှိဘူး” ဟု ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်းရှိ အထည်ချုပ်စက်ရုံ အချို့မှာ ကိုရိုနာဗိုင်းရပ်စ်ကို အကြောင်းပြကာ ကုန်ကြမ်းပြတ်လပ်သည်ဟု သတင်းများ ထုတ်ပြန်ပြီးနောက် ပိတ်သိမ်းနေသည့် စက်ရုံအချို့ ရှိသောကြောင့် ကုန်ကြမ်းပြတ်လပ်မှု မှန်ကန်မှုရှိမရှိ စစ်ဆေးပေးရန် လိုအပ်ကြောင်းကိုလည်း အလုပ်သမား အဖွဲ့အစည်း ၁၀ ခုမှ အစိုးရအဖွဲ့ထံ တင်ပြတောင်းဆို ထားမှုများလည်း ရှိကြောင်း သိရသည်။

 

Most Read

Most Recent