လုံခြုံရေးအတွက် အရေးပေါ်လိုအပ်လာချိန်တွင် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေသည့် အချက်ပါဝင်သော ပုဒ်မ ၄၂၆ ကို ပယ်ဖျက်ရန်မသင့်ဘဲ မူလအတိုင်းထားရှိရန် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အကြံပြု

လုံခြုံရေးအတွက် အရေးပေါ်လိုအပ်လာချိန်တွင် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေသည့် အချက်ပါဝင်သော ပုဒ်မ ၄၂၆ ကို ပယ်ဖျက်ရန်မသင့်ဘဲ မူလအတိုင်းထားရှိရန် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အကြံပြု
Published 4 March 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

နိုင်ငံတော်၏ လုံခြုံရေးအတွက် အရေးပေါ်လိုအပ်လာချိန်တွင် ကာကွယ်ရေးအတွက် တာဝန်ရှိသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာလွှဲအပ်ဆောင်ရွက်စေသည့် အချက်ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၆ ကို ပယ်ဖျက်ရန် မသင့်ဘဲ မူလအတိုင်းထားရှိရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီဝင် နောင်မွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂျီဖုန်ဆားရ်က အကြံပြုဆွေးနွေးသည်။

မတ် ၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်တွင်း ဆွေးနွေရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ ဒီပုဒ်မဟာ နိုင်ငံတော်ရဲ့ အရေးပေါ်ကာလနဲ့ပတ်သက်ပြီး ရေးဆွဲပြဋ္ဌာန်းထားတဲ့ ပုဒ်မဖြစ်ပါတယ်။ ရှေ့မှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မများမှာလည်းပဲ အသေးစိတ်ဖော်ပြထားပြီး ရှေ့ကဆွေးနွေးသွားကြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးအချို့လည်းပဲ အကြံပြုဆွေးနွေးသွားခဲ့ကြပြီး ဖြစ်ပါတယ်။ နိုင်ငံတော်ကြီးဟာ တစ်ချိန်ချိန်မှာ အရေးပေါ်တာ မကြုံတွေ့နိုင်ဘူးလို့ ဘယ်သူမှအာမခံနိုင်မှာ မဟုတ်ပါ။ ဒါကြောင့် နိုင်ငံတော်လုံခြုံရေးအတွက် အရေးပေါ်လိုအပ်လာချိန် ကာကွယ်ရေးအတွက် တာဝန်ရှိသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား အာဏာလွဲအပ် ဆောင်ရွက်စေခဲ့သည့်အမိန့်ကို ပယ်ဖျက်ကြောင်း ပြဋ္ဌာန်းထားချက်ပဲ ဖြစ်ပါတယ်။ ရှေ့မှာပြဋ္ဌာန်းထားတဲ့ ပုဒ်မများနှင့်လည်း တစ်ဆက်တည်းရှိတဲ့ ပြဋ္ဌာန်းချက်ဖြစ်တဲ့အတွက်ကြောင့် ရှေ့ကပြဋ္ဌာန်းထားတဲ့ ပုဒ်မများနှင့်အတူ ပုဒ်မ ၄၂၆ ကိုလည်း ပယ်ဖျက်ရန် မသင့်ပါကြောင်းနဲ့ မူလအတိုင်းထားရှိသင့်ကြောင်း အကြံပြုပါတယ်” ဟု ဦးဂျီဖုန်းဆားရ်က ဆွေးနွေးခဲ့သည်။

လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ် အရေအတွက်နှင့်ပတ်သက်၍ ပူးပေါင်းကော်မတီက ပြဋ္ဌာန်းချက်ကို ပြင်ဆင်ပြီး လွှတ်တော်၏ တတိယသက်တမ်းတွင် ၁၅ ရာခိုင်နှုန်း၊ စတုတ္ထသက်တမ်းတွင် ၁၀ ရာခိုင်နှုန်း၊ ပဥ္စမသက်တမ်းတွင် ငါးရာခိုင်နှုန်း စသည့်ဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တွင်ပါဝင်မှုကို တဖြည်းဖြည့်လျှော့ချသွားရန် ပြင်ဆင်တင်ပြထားသည့် ပြင်ဆင်ချက်ကို သဘောမတူကြောင်း ဦးဂျီဖုန်းဆားရ်က ဆက်လက်ဆွေးနွေးသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုအား အာမခံနိုင်သည့်အချိန်တွင် လွှတ်တော်မှ ပြန်လည်ထွက်ခွာပြီး နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း တပ်မတော်၏သဘောထားကို အတိအလင်း ပြောကြားခဲ့ပြီးဖြစ်သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နောက်လာမယ့် လွှတ်တော်သက်တမ်းများအတွင်း နိုင်ငံရေးတည်ငြိမ်မှုသည် မည်ကဲ့သို့ ဖြစ်ပေါ်လာနိုင်မည်ဆိုသည်ကို ကြိုတင်မှန်းဆ၍ မရနိုင်သေးသည့်အခြေအနေတွင် ယခုကဲ့သို့ပင် အဆောတလျင် မပြင်ဆင်သင့်ကြောင်း အကြံပြုအပ်ပါတယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုအခြေအနေကို သုံးသပ်ပြီးမှသာလျှင် ပြင်ဆင်ဆောင်ရွက်သင့်ပါတယ်” ဟု ဦးဂျီဖုန်းဆားရ်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်များ၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံပါဝင်နေခြင်းသည် ကျန်ရှိသော ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ် လေးပုံသုံးပုံ၏ ဆန္ဒကိုလည်း ကျော်လွန်နိုင်မည်မဟုတ်ဟု ယူဆကြောင်းနှင့် လက်ရှိဖွဲ့စည်းပုံပြင်ဆင်ရေးတွင် အခန်း(၁၂)ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် တာဝန်ရှိသည့်ပုဂ္ဂိုလ်များအနေဖြင့် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်သွားသင့်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“မြန်မာနိုင်ငံဟာ နိုင်ငံရေးစနစ်ဟောင်းတစ်ခုကနေ ဒီမိုကရေစီနိုင်ငံရေးစနစ်သစ်သို့ ကူးပြောင်းရာမှာ ငြင်သာစွာ အသွင်ကူးပြောင်းနိုင်ရေး ကြိုးပမ်းကြတဲ့ကာလလည်းပဲ ဖြစ်ပါတယ်။ ဒီလိုကာလမျိုးမှာ တပ်မတော်သားများ၏ ပါဝင်မှု၊ ကူညီပံ့ပိုးမှုလည်းပဲ လိုအပ်တယ်လို့ ယုံကြည်ပါတယ်” ဟု ဦးဂျီဖုန်းဆားရ်က ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဆိုပြုထားသော ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ချက်များကို ခြုံငုံသုံးသပ်ပါက မူလပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ဦးတည်ချက်ဖြစ်သည့် ဒီမိုကရေစီစံနှုန်းများနှင့် မညီညွတ်သော၊ ရှေ့နောက်ဆန့်ကျင် ကွဲလွဲမှုရှိသော၊ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်သော၊ အာဏာသုံးရပ် တစ်ဖက်စောင်းဖြစ်စေသော၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် အဟန့်အတားဖြစ်စေသော ပြဋ္ဌာန်းချက်များကိုပြင်ဆင်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဆောင်ရွက်ရန်ဟူသော မူလဦးတည်ချက်နှင့် သွေဖည်နေကြောင်း၊ ဥပဒေမူကြမ်း၏ အဆိုပြုချက်များကို ပြင်ဆင်ရာတွင် ပါတီစွဲ၊ ၀ါဒစွဲ၊ ပုဂ္ဂိုလ်စွဲကင်းကာ တိုင်းရင်းသား၏ ဘုံအကျိုးစီးပွာအပေါ်သာ ခိုင်မာစွာ ရပ်တည်ဆောင်ရွက်ကြရန်ကိုလည်း ပြည်ခိုင်ဖြိုးပါတီဝင် မိထ္တီလာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဆွေးနွေးသည်။

Most Read

Most Recent