အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ ကိုးလအတွင်း ပထမဦးဆုံးအကြိမ် ပြန်လည်ကောင်းမွန်လာပြီး အဆင့် (၁) နေရာတွင် ၁၂ လဆက်တိုက် ရပ်တည်ခဲ့သော မြန်မာနိုင်ငံ အဆင့် (၃) နေရာသို့ ကျဆင်း

အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ ကိုးလအတွင်း ပထမဦးဆုံးအကြိမ် ပြန်လည်ကောင်းမွန်လာပြီး အဆင့် (၁) နေရာတွင် ၁၂ လဆက်တိုက် ရပ်တည်ခဲ့သော မြန်မာနိုင်ငံ အဆင့် (၃) နေရာသို့ ကျဆင်း
ကုန်ထုတ်စက်ရုံများ လည်ပတ်လျက်ရှိသော ရန်ကုန်မြို့ရှိ စက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ကုန်ထုတ်စက်ရုံများ လည်ပတ်လျက်ရှိသော ရန်ကုန်မြို့ရှိ စက်မှုဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 4 March 2020
စည်သူအောင်

အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ ကိုးလအတွင်း ပထမဦးဆုံးအကြိမ် ပြန်လည်ကောင်းမွန်လာပြီး အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်း၏ အဆင့် (၁) နေရာတွင် ၁၂ လဆက်တိုက် ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် ကုန်ထုတ်လုပ်ရေးကဏ္ဍအတွင်း တိုးတက်မှုနှုန်း နည်းပါးလာသောကြောင့် အဆင့် (၃) နေရာသို့ ကျဆင်းခဲ့ကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော HIS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

ဖေဖော်ဝါရီ ဒေတာအရ အာဆီယံထုတ်လုပ်ရေးကဏ္ဍသည် အော်ဒါမှာယူမှုပမာဏများ ကိုးလကြာ အမြန်ဆုံးနှုန်းဖြင့် တိုးလာခဲ့ပြီး လုပ်ငန်းအခြေအနေသည် ပြီးခဲ့သည့် မေလမှစပြီး ပထမဦးဆုံးအကြိမ် တိုးလာခဲ့သည်။ ခြုံကြည့်လျှင် တိုးတက်မှုမှာ ဒသမဂဏန်းမျှသာရှိခဲ့ပြီး ထုတ်လုပ်မှုသည် သုံးလအတွင်း ပထမအကြိမ် ကျဆင်းလာကာ အလုပ်ခန့်ထားမှုမှာလည်း ထပ်မံကျဆင်း နေဆဲဖြစ်သည်။

အဓိကအကျဆုံး PMI အညွှန်းမှာ ဇန်နဝါရီတွင် ၄၉ ဒသမ ၈ ရှိရာမှ ဖေဖော်ဝါရီတွင် ၅၀ ဒသမ ၂ ကို တက်လှမ်းခဲ့သော်လည်း  တိုးတက်မှုပမာဏ ဒသမဂဏန်းသာရှိခြင်း ဖြစ်သည်။ အော်ဒါအသစ်များမှာ ပြီးခဲ့သည့် မေလမှစပြီး အမြန်ဆုံးနှုန်းဖြင့် တိုးလာသော်လည်း အသင့်အတင့်သာ ဖြစ်ခဲ့သည်။ ပြီးခဲ့ သည့် နိုဝင်ဘာမှစပြီး ထုတ်လုပ်မှု ပထမအကြိမ် ကျဆင်းလာပြီး လုပ်သားအင်အားမှာ သုံးလအတွင်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းခဲ့ရာ ထုတ်လုပ်မှုနှင့် အလုပ်နေရာများ ကျဆင်းမှုသည် ညွှန်းကိန်းအပေါ် ဖိစီးလာခဲ့သည်။

စစ်တမ်းတွင် ပါဝင်သည့် ခုနစ်နိုင်ငံအနက် ဖေဖော်ဝါရီ၌ ဖိလစ်ပိုင်နိုင်ငံက PMI အညွှန်း ၅၂ ဒသမ ၃ ဖြင့် အကောင်းဆုံး စွမ်းဆောင်မှုကို မှတ်တမ်းတင်လိုက်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှစပြီး လုပ်ကိုင်မှု အခြေအနေများတွင် ပူးတွဲအမြန်ဆုံး တိုးတက်မှုကို အချက်ပြခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံကပါ ရှစ်လအတွင်း ပထမအကြိမ်အဖြစ် တိုးတက်မှုကို အစီရင်ခံခဲ့ပြီး PMI အညွှန်း ၅၁ ဒသမ ၉ မှာ အသင့်အတင့် ဦးမော့လာမှုကို ညွှန်ပြနေသည်။

အခြားနိုင်ငံများအကြား၌ မြန်မာနိုင်ငံက လုပ်ကိုင်မှုအခြေအနေများ အဓိကအားဖြင့် တုံ့ဆိုင်းလာခြင်းကို အစီရင်ခံခဲ့ပြီး PMI အညွှန်းသည် ကြားနေအမှတ်ဖြစ်သည့် ၅၀ အောက် ရောက်သွားပြီး ၄၉ ဒသမ ၈ အထိ နိမ့်ဆင်းသွားသည်။ ထိုင်းနိုင်ငံကလည်း ထုတ်လုပ်ရေးအခြေအနေများ ဒုတိယမြောက်လ အဖြစ် ဆက်တိုက် ဆုတ်ယုတ်လာကြောင်း အစီရင်ခံခဲ့ပြီး PMI အညွှန်း ၄၉ ဒသမ ၅ မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာမှစ၍ အနိမ့်ဆုံး ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် လုပ်ငန်းရပ်တန့်မှုများရှိကြောင်း အစီရင်ခံမှုများအကြား ဗီယက်နမ်၏ PMI အညွှန်းသည် ၄၉ ဖြင့် လုပ်ငန်းအခြေ အနေ ဆုတ်ယုတ်လာကြောင်း ၂၀၁၅ ခုနှစ် နှောင်းပိုင်းမှစ၍ ပထမဦးဆုံးအကြိမ်အချက် ပြခဲ့သည်။

မလေးရှား ကုန်စည်ထုတ်လုပ်သူတို့ကလည်း လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း အများဆုံး မြင်ခဲ့ကြရသည့် အတိုင်း ဖေဖော်ဝါရီတွင် လုပ်ငန်းအခြေအနေများ ဆုတ်ယုတ်လာကြောင်း မှတ်တမ်းတင်ခဲ့ပြီး PMI အညွှန်း ၄၈ ဒသမ ၅ သာရှိခဲ့သည်။ စင်ကာပူနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍလည်း ဖေဖော်ဝါရီတွင် ကျဆင်းမှုရှေ့ဆက်ခဲ့ပြီး PMI အညွှန်း ၄၅ ဒသမ ၈ ဖြင့် လေးလအတွင်း အနိမ့်ဆုံးဖြစ်လာကာ ထုတ်လုပ်ရေးကဏ္ဍ အခိုင်အမာ ဆုတ်ယုတ်နေဆဲဖြစ်ကြောင်း အချက်ပြနေသည်။

ခြုံကြည့်လျှင် ဖေဖော်ဝါရီတွင် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ လုပ်ကိုင်မှု အခြေအနေများမှာ တစ်စိတ်တစ်ဒေသအားဖြင့် အော်ဒါသစ်ရရှိမှုနှုန်း မြင့်မားလာမှု၏ ပံ့ပိုးမှုကြောင့် ဒသမဂဏန်းမျှ တိုးတက်လာခဲ့သည်။ ဖေဖော်ဝါရီဒေတာက အားပျော့လာနေသည့် လက္ခဏာများကို ဆက်လက် မီးမောင်းထိုးပြ လိုက်သော်လည်း ထုတ်လုပ်မှု ကျဆင်းလာခဲ့ခြင်းမှာ သုံးလအတွင်း ပထမဦးဆုံးအကြိမ် ဖြစ်ခဲ့ပြီး နိုင်ငံခြားတင်ပို့ရေး အော်ဒါသစ်များမှာ ပြီးခဲ့သည့် စက်တင်ဘာမှစ၍ အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာကာ ကုမ္ပဏီများက ဝန်ထမ်းပမာဏများကို ကိုးလဆက်တိုက် လျှော့ချခဲ့ကြသည်။

ဖေဖော်ဝါရီ ဒေတာက ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများ လေးလအတွင်း အများဆုံးနှုန်းဖြင့် ကျဆင်းလာခဲ့ခြင်းကို မီးမောင်းထိုးပြလိုက်ချိန်တွင် သိုလှောင်ထားသည့် ကုန်ချောများမှာမူ လွန်ခဲ့သည့် သြဂုတ်မှစပြီး ပထမအကြိမ်အဖြစ် ကျဆင်းသွားသည်။ စျေးနှုန်းများကို လေ့လာကြည့်လျှင် ကုန်ကျစရိတ် ဝန်ထုပ်များ ဆက်လက်ကြီးထွားလာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ လွန်ခဲ့သည့် မေလမှစ၍ အများဆုံး ဖြစ်ခဲ့သည်။ ကုမ္ပဏီများသည် လာမည့်တစ်နှစ်အတွင်း ထုတ်လုပ်မှု မြင့်တက်မည်ဟု အပြုသဘော မြင်နေကြသော်လည်း ခြုံပြောရလျှင် အကောင်းမြင်မှုမှာ လေးလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။

Most Read

Most Recent