လက်ရှိဘဏ္ဍာနှစ် လေးလခွဲအတွင်း ပို့ကုန် ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း သွင်းကုန်တင်သွင်းမှု ဆက်လက်မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာသန်း ၄၀ ကျော်ပိုမိုဖြစ်ပေါ်

လက်ရှိဘဏ္ဍာနှစ် လေးလခွဲအတွင်း ပို့ကုန် ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း သွင်းကုန်တင်သွင်းမှု ဆက်လက်မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာသန်း ၄၀ ကျော်ပိုမိုဖြစ်ပေါ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 29 February 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် လေးလခွဲအတွင်း ပို့ကုန် ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း သွင်းကုန်တင်သွင်းမှု ဆက်လက်မြင့်တက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၄၀ ကျော် ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့် ပို့ကုန်ပမာဏထက် ပြည်ပမှ တင်သွင်းရသည့် သွင်းကုန် ပမာဏပိုများနေခြင်းကို ဆိုလိုသည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ မြန်မာနိုင်ငံက တင်ပို့ထားသည့် ပို့ကုန်ပမာဏ ဒေါ်လာ ၆ ဒသမ ၇၆၁ ဘီလျံရှိသည်။ ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၀၅၃ ဘီလျံအထိ ပိုမိုတင်ပို့ထားနိုင်ခဲ့သည်။

သို့သော်လည်း ပြည်ပနိုင်ငံများမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏသည် ဒေါ်လာ ၇ ဒသမ ၇၇၄ ဘီလျံရှိသည်။ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁ ဒသမ ၀၉၄ ဘီလျံအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် လေးလခွဲအတွင်း မြန်မာနိုင်ငံက တင်ပို့ထားသည့် ပို့ကုန်ပမာဏ မြင့်တက်ခဲ့သော်လည်း ပြည်ပမှ တင်သွင်းသည့် သွင်းကုန်ပမာဏမှာလည်း ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

အဆိုပါကာလအတွင်း ပြည်ပသို့ တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် ပြည်ပမှတင်သွင်းထားသည့် သွင်းကုန်ပမာဏနှစ်ခုအား နှိုင်းယှဉ်ကြည့်ပါက သွင်းကုန်ပမာဏသည် ပို့ကုန်ပမာဏထက် ဒေါ်လာ ၁ ဒသမ ၀၁၂ ဘီလျံအထိ ပိုမိုတင်သွင်းထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် လေးလခွဲအတွင်း ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၁ ဒသမ ၀၁၂ ဘီလျံအထိ ဖြစ်ပေါ်ခဲ့သည်။ ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၇၁ ဒသမ ၈၀၅ ဘီလျံသာရှိသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် လေးလခွဲအတွင်း ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေသည် ယခင်နှစ်ကာလတူတွင် ဖြစ်ပေါ်ခဲ့သည့် ကုန်သွယ်မှုလိုငွေထက် ဒေါ်လာ ၄၀ ဒသမ ၇၉၅ သန်းအထိ ပိုမိုဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန် တင်ပို့မြင့်တက်လာစေရန် ပို့ကုန်မဟာဗျူဟာများ ရေးဆွဲကာ အကောင်အထည်ဖော်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ပြည်တွင်းလိုအပ်ချက်များကြောင့် ပြည်ပမှ မဖြစ်မနေတင်သွင်းရသည့် ကုန်စည်များကိုလည်းလျှော့ချ၍ မရနိုင်သေးသောကြောင့် ကုန်သွယ်မှုလိုငွေ လျော့ကျလာအောင် ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် အနည်းငယ်အခက်အခဲများ ရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

“တကယ်လက်တွေ့လုပ်တဲ့အခါကျတော့ ကိုယ်ပြည်တွင်းလည်း စားသုံးမှုအား ကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စား လုပ်ငန်းတွေမှာ ကုန်ကြမ်း လိုအပ်တော့။ ဥပမာမွေးမြူရေးက တက်လာတယ်။ ကြက်စာ အရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖတ်ဆိုရင် ဟိုတုန်းက တန်ချိန်နှစ်သောင်းလောက် တစ်နှစ်ကို အခုဆိုတန်ချိန်ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလည်း ဒီဘက်ကလုပ်ငန်းတွေက တိုးတက်မှာ ဒါတွေကလျှော့လို့မရဘူးလေ။ တချို့ကလည်း ခရီးသွားတက်လာတဲ့ အခါမှာ ဒီမှာ မထုတ်နိုင်တဲ့ ဝက်အူချောင်းတို့ အကောင်းစားငါးတွေ တင်သွင်းရတာ ရှိတယ်။ စားအုန်းဆီကလည်း လျှော့မပေးနိုင်ဘူး။ ဒီဇယ်မှာလည်း လျှော့လို့မရဘူး။ ဆေးဝါးကလည်း လျှော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျှော့လို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

Most Read

Most Recent