မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက်တွင် ဖရဲ၊ သခွားရောင်းဝယ်မှု ပုံမှန်နီးပါး ပြန်ဖြစ်လာပြီး တရုတ်နိုင်ငံဘက်မှ ဝယ်လက်များ ယခင်လထက် ပိုမိုဝင်ရောက်လာ

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက်တွင် ဖရဲ၊ သခွားရောင်းဝယ်မှု ပုံမှန်နီးပါး ပြန်ဖြစ်လာပြီး တရုတ်နိုင်ငံဘက်မှ ဝယ်လက်များ ယခင်လထက် ပိုမိုဝင်ရောက်လာ
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက် အတွင်းသို့ လာရောက် ရောင်းချသည့် ဖရဲ၊ သခွားတင် ယာဉ်များအား တွေ့ရစဉ်
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံစျေးကွက် အတွင်းသို့ လာရောက် ရောင်းချသည့် ဖရဲ၊ သခွားတင် ယာဉ်များအား တွေ့ရစဉ်
Published 28 February 2020
ထွန်းနေလှိုင် (နောင်ပိန်)

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသထွက် ဖရဲ၊ သခွားများ၏ အဓိကစျေးကွက် တစ်ခုဖြစ်သည့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှ ဝယ်လက်အများအပြား လာရောက်ကာ ဝယ်ယူလျက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအတွင်း စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်ရောဂါပိုး ဂယက်ကြောင့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် အတွင်းရှိ သစ်သီးဝလံ ကုန်စည်စျေးကွက်တွင် ဖရဲ၊ သခွားစျေးကွက် ပျက်လုနီးနီး အခြေအနေထိ ဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်းတွင်မှ စျေးကွက်ပြန်လည် အားကောင်းလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခုက သစ်သီးစျေးကွက်ထဲကို တစ်ရက်ကို ဖရဲ၊ သခွားသီးတင်ယာဉ် စီးရေနှစ်ရာကျော်လောက်ထိ ဝင်နေပါပြီ။ အရင်လို ပုံမှန်ဆိုရင် ဒီအချိန်က ဖရဲ၊ သခွားကားက တစ်ရက်ကို စီးရေခြောက်ရာ၊ ခုနစ်ရာဝင်တဲ့ အချိန်ပေါ့။ တရုတ်မှာ ဖြစ်နေတဲ့ ဝူဟန်ဗိုင်းရပ်စ်ဂယက်ကြောင့် အရင်လ တစ်လလုံး အရောင်းအဝယ် မဖြစ်သလောက်နီးပါးထိ ဖြစ်ခဲ့တယ်။ အခုရက်ပိုင်း အတွင်းမှာတော့ တရုတ်ဝယ်လက်တွေလည်း တော်တော်များများ ပြန်ဝင်လာတယ်” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံ ကုန်စည်ဒိုင်မှ ဒေါ်ရီရီခိုင်က ပြောကြားသည်။

ထိုသို့ ဖရဲသီးကား အများအပြား ပြန်လည်ဝင်ရောက် လာသော်လည်း အစေ့မှည့် ဖရဲမှာ စျေးကွက်အတွင်း ဝယ်ယူမည့်သူ မရှိကြောင်း သိရသည်။

“အစေ့မဲ့ဖရဲကတော့ ဖရဲစျေးကွက်ထဲမှာ အရောင်းအဝယ် မဖြစ်ဘူး။ စိတ်အထင်တော့ ဒီအစေ့မဲ့ဖရဲကို အဓိကစားသုံးနေတဲ့ တရုတ်ပြည်ထဲက ပြည်နယ်တွေမှာ ကုန်စည်ရောင်းဝယ် ဖြတ်သန်းသွားလာလို့ မရသေးလို့ ထင်တယ်။ အစေ့မဲ့က ဖရဲသီးထဲမှာ စျေးအမြင့်ဆုံးဆိုတော့ ကုန်သည်တွေက ဝယ်ပြီး မဖြန့်နိုင်ဘူးဆိုရင် ဆုံးရှုံးမှု များမှာဆိုတော့ အရောင်းအဝယ် သိပ်မဖြစ်တဲ့သဘော ဖြစ်နေတယ်” ဟုသစ်သီးကုန်သည် တစ်ဦးဖြစ်သူ ကိုစိုင်းအွမ်က ပြောကြားသည်။

“တရုတ်ဘက်က COVID-19 ရောဂါထိန်းချုပ်နိုင်မှု စွမ်းဆောင်နိုင်ရည်မြှင့်လာပါပြီ။ ရောဂါပျောက်ကင်းသူ ဦးရေမြင့်တက်၊ ကူးစက်နှုန်း၊ သေဆုံးနှုန်း ကျဆင်းသွားပါပြီ။ ဒါကစျေးကွက်ပြန်လည် ဖော်ဆောင်နိုင်ခြေ အတွက် အားတက်စရာပါ။ တရုတ်ဘက်က ဝယ်လက်တွေ ၈၀ ရာခိုင်နှုန်းကျော် လာရောက်နေပါပြီ” ဟု ခွာညိုသစ်သီးပွဲရုံ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် သစ်သီးဝလံစျေးကွက် အတွင်းသို့ ဖေဖော်ဝါရီ ၂၂ ရက်မှစတင်ကာ ဖရဲ၊ သခွား တင်ယာဉ် တစ်ရက်လျှင် စီးရေ ၂၀၀ ကျော် ပုံမှန်ဝင်ရောက် ရောင်းချနေပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် ဖရဲ ၁၃၄ စီး၊ သခွားမွှေး ၁၃၀ စီး စုစုပေါင်း ၂၇၁ စီးလာရောက် ရောင်းချခဲ့သည့်အနက် ၂၅၆ စီး အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ထိ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ပမာဏဒေါ်လာ ၃၂၈၃ ဒသမ ၅၇၉ သန်းရရှိခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုမှ ကုန်သွယ်မှု ဒေါ်လာ၂၀၉၉ ဒသမ ၄၁၂ သန်းအထိရှိခဲ့ကာ မူဆယ်နယ်စပ် ကုန်သွယ်ရေးမှ ဒေါ်လာ ၁၇၁၇ ဒသမ ၉၅၄ သန်းအထိ ကုန်သွယ်မှု ပြုလုပ်ထားနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent