ကယားပြည်နယ်အတွင်း ကျပ်သန်း ၆၀၀၀ ရင်းနှီးမြှုပ်နှံပြီး သဘာဝအခြေခံဟိုတယ်နှင့် အပန်းဖြေစခန်း ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း လုပ်ကိုင်ရန် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြု

ကယားပြည်နယ်အတွင်း ကျပ်သန်း ၆၀၀၀ ရင်းနှီးမြှုပ်နှံပြီး သဘာဝအခြေခံဟိုတယ်နှင့် အပန်းဖြေစခန်း ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း လုပ်ကိုင်ရန် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြု
 ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး ကျင်းပနေစဉ်(ဓာတ်ပုံ- DICA)
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး ကျင်းပနေစဉ်(ဓာတ်ပုံ- DICA)
Published 25 February 2020

ကယားပြည်နယ်အတွင်း ကျပ်သန်း ၆၀၀၀ ရင်းနှီးမြှုပ်နှံကာ သဘာဝအခြေခံ ဟိုတယ်နှင့် အပန်းဖြေစခန်း ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းလုပ်ကိုင်ရန် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုပေးလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/ ၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှ  အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ကွင်းပြင်၊ မိုဆိုကျေးရွာအုပ်စုတွင် ဆွတ်ပိုက်ကုမ္ပဏီလီမိတက်က ကျပ်သန်း ၆၀၀၀ ရင်းနှီးမြှုပ်နှံကာ သဘာဝအခြေခံဟိုတယ်နှင့် အပန်းဖြေစခန်း ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းကို လုပ်ကိုင်ရန် အတည်ပြုပေးလိုက်ခြင်းဖြစ်ပြီး အဆိုပါအတည်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ အလုပ်အကိုင်အခွင့်အလမ်း ၁၂၅ ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်နိုင်ရန် နယ်မြေဒေသအခြေအနေအပေါ် မူတည်ပြီး ကန့်သတ်နယ်မြေများ ဖြေလျှော့ပေးနိုင်ရေးကို ပြည်ထောင်စုအစိုးရသို့ တင်ပြ ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးတင်လတ်က ပြောကြားသည်။

လက်ရှိအချိန်တွင် နယ်စပ်ဝင်ပေါက်ဖြစ်သည့် PB 13 အား အပြည်ပြည်ဆိုင်ရာဝင်ပေါက်အဖြစ် သို့မဟုတ် ခြောက်ညအိပ် ခုနစ်ရက်ခရီးစဉ်များအဖြစ် ဖော်ဆောင်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း၊ အဆိုပါနယ်စပ်ဝင်ပေါက်ခွင့်ပြု ချက်ရရှိပါက တစ်ဖက်နယ်စပ် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်းခရိုင်နှင့် ပူးပေါင်းပြီး ထိုင်းနိုင်ငံဘက်မှ ခရီးသွားဧည့်သည်များက ယားပြည်နယ်သို့ လာရောက်လည်ပတ်နိုင်သည့် ခရီးစဉ်အသစ်များထဲတွင် မယ်စဲ့မြို့နယ် ဟိုဂျစ်ကျေးရွာအုပ်စု ကျိုက်ထီးရိုးစေတီအနီးရှိ သဘာဝအတိုင်းဖြစ်ပေါ်နေသည့် မြေနန်းတော်(ခေါ်) နတ်တောင်ကို ခရီးစဉ်ဒေသအသစ်တစ်ခုအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါခရီးစဉ်အား ပြည်ပခရီးသွားဧည့်သည့်များ လာရောက်လည်ပတ်နိုင်စေရေးအတွက် နယ်မြေဒေသအခြေအနေပေါ်မူတည်ပြီး ကန့်သတ်နယ်မြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်တင်ပြ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးတင်လတ်က လွှတ်တော်၌ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားပို့ကုန် မဟာဗျူဟာအရ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ကယားပြည်နယ်တွင် အကောင်အထည်ဖော်မှု အောင်မြင်သည့်အတွက် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင် ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

 

Most Read

Most Recent