ချယ်လ်ဆီး နှင့် ဘိုင်ယန်မြူးနစ် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ်မှာ (၄)ကြိမ်မြောက်တွေ့ဆုံမှုပါ။ ပြီးခဲ့တဲ့ (၃)ကြိမ်စလုံးမှာ ဘိုင်ယန် မြူးနစ်က အမြဲတမ်းရေပန်းစားသူဖြစ်ခဲ့တယ်။ ဒါပေမဲ့ ချယ်လ်ဆီးကပဲ အောင်မြင်မှုယူသွားခဲ့တယ်။ ၂၀၀၅ ချန်ပီယံလိဂ်ကွာ တားဖိုင်နယ်မှာ ဆုံတွေ့ခဲ့တုန်းက ချယ်လ်ဆီးက နှစ်ကျော့ပေါင်းရလဒ် (၆-၅)ဂိုးနဲ့ ဆီမီးဖိုင်နယ်တက်ခဲ့ပြီး လမ်းပတ်သွင်းယူခဲ့တဲ့ဂိုးက နာမည်ကျော်ဂိုးတစ်ဂိုးဖြစ်ခဲ့တယ်။ ၂၀၁၂ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒီနှစ်သင်းထပ်တွေ့တော့လည်း ဘိုင်ယန်မြူးနစ်အိမ်ကွင်းမှာ ကစားရတာဖြစ်လျက်နဲ့ ချယ်လ်ဆီးက ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တယ်။ ဒီပွဲမှာလည်း လမ်းပတ်ပါဝင်ခဲ့တယ်။ အခုတစ်ကြိမ်တော့ လမ်းပတ်က နည်းပြအဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး ထုံးစံအတိုင်း အောက်အသင်းအနေအထားနဲ့ပဲ။ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ကြားက ဂိုးသွင်းနှုန်းက အရမ်းကွာတယ်။ ခြေစွမ်း၊ အတွေ့အကြုံတွေလည်း ကွာတယ်။ ချယ်လ်ဆီးမှာ ချန်ပီယံလိဂ်ကို ဒီရာသီမှ စကစားဖူးတဲ့သူတွေတောင်ပါတယ်။ ကွန်တေ မကစားနိုင်တာလည်း စိတ်ပျက်စရာပါ။ ဘိုင်ယန်က ဒီရာသီစပါးနဲ့ နှစ်ကျော့ကစားခဲ့ပြီး နှစ်ပွဲစလုံးလွယ်လွယ်ကူကူပါပဲ။ အုပ်စုတွင်းမှာလည်း (၆)ပွဲစလုံး အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဒီပွဲက ဘိုင်ယန်အတွက်လွယ်ကူတဲ့ပွဲတော့မဟုတ်လောက်ဘူး။ ချယ်လ်ဆီး သရေတော့ယူနိုင်မယ်။
နာပိုလီ နှင့် ဘာစီလိုနာ (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)
နောက်ဆုံး (၅)ပွဲမှာ နာပိုလီရော၊ ဘာစီလိုနာပါ (၄)ပွဲနိုင်၊ (၁)ပွဲသရေရလဒ်တွေ ကစားခဲ့တယ်။ ဒါပေမဲ့ နာပိုလီက အခုမှ အရှိန်ရခါစဖြစ်ပြီး ရလဒ်တွေကလည်း အသည်းအသန်ပါပဲ။ ဘာစီလိုနာကတော့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် အီဘာကို (၅)ဂိုးသွင်းပြီး အရှိန်တင်လိုက်တာတွေ့ရတယ်။ မက်ဆီလည်း ဂိုးတွေပြန်ရခဲ့တယ်။ နှစ်သင်းစလုံးအတွက် မလွယ်ကူတဲ့ပွဲဆိုပေမယ့် ဘာစီလိုနာပဲ နိုင်မှာပါ။