ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မော်ရင်ဟိုအား ရာထူးမှထုတ်ပယ်ရန် စပါးပရိသတ်များ တောင်းဆို

ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မော်ရင်ဟိုအား ရာထူးမှထုတ်ပယ်ရန် စပါးပရိသတ်များ တောင်းဆို
Published 24 February 2020

 

ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး - စပါးပွဲတွင် (၁-၂)ဂိုးဖြင့် အရေးနိမ့်ပြီးနောက် စပါးအသင်းအားပေးသူပရိသတ်များသည် အသင်းနည်းပြ မော်ရင်ဟိုအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

ယင်းပွဲတွင် စပါးအသင်း၏ ပထမပိုင်းကစားပုံအတွက် ပရိသတ်များမှာ ဒေါသထွက်ခဲ့ကြပြီး မော်ရင်ဟို၏နည်းစနစ်များမှာ အသင်းအတွက် အလုပ်မဖြစ်ဟု ယူဆနေကြကြောင်း သိရှိရသည်။ 

မော်ရင်ဟို၏ နည်းစနစ်နှင့် နည်းဗျူဟာများမှာ ယနေ့ခေတ်နှင့် မကိုက်ညီတော့ဘဲ အသင်းအတွက် အကျိုးမရှိကြောင်း၊ အသင်းအနိုင်ရသည့်ပွဲများမှာလည်း မော်ရင်ဟိုကြောင့်မဟုတ်ဘဲ ကစားသမားများ၏ စွမ်းဆောင်ရည်ကြောင့်သာဖြစ်ကြောင်း စပါးပရိသတ်များက လူမှုကွန်ရက်စာမျက်နှာများတွင် အသီးသီးရေးသားခဲ့ကြသည်။

စပါးပရိသတ်တစ်ဦးက ''အလွန့်အလွန်ကို ခံစစ် ကစားသော မော်ရင်ဟို''ဟု ရေးသားခဲ့ပြီး အခြားပရိသတ်တစ်ဦးကလည်း ''မော်ရင်ဟိုရဲ့နည်းစနစ်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုထိပ်တန်းပွဲတွေက ကျွန်တော့်အတွက်ကတော့ အိပ်ဆေးလိုပါပဲ''ဟု ရေးသားခဲ့သည်။ 

အခြားပရိသတ်တစ်ဦးက ''စပါးအသင်းကို ကြည့်ရတာ သူတို့မှာ ဘယ်လိုကစားရမလဲဆိုတဲ့စိတ်ကူး မရှိသလိုပါပဲ။ သူတို့မှာ ဘောလုံးရနေတာတောင် ဘယ်လိုလုပ်ရမလဲ မသိပါဘူး။ တကယ့်ကို ဂန္ထဝင်မော်ရင်ဟိုပါပဲ''ဟု ရေးသားခဲ့သည်။ 

မော်ရင်ဟိုသည် စပါးအသင်းကို ပြီးခဲ့သည့် ၂၀၁၉ နိုဝင်ဘာလ(၂၀)ရက်နေ့တွင် စတင်ကိုင်တွယ်ခဲ့ပြီး၊ အသင်းအား (၂၂)ပွဲကိုင်တွယ်ရာ၌ နိုင်ပွဲ(၁၁)ပွဲသာရရှိကာ (၄)ပွဲသရေကျပြီး (၇)ပွဲရှုံးနိမ့်ထားသည်။ 

သို့ဖြစ်ရာ အသင်းတွင် သူ၏ နိုင်ပွဲရာခိုင်နှုန်းမှာ (၅၀)ရာခိုင်နှုန်းသာရှိပြီး သူကိုင်တွယ်သမျှအသင်းများထဲတွင် အနိုင်ရာခိုင်နှုန်း ဒုတိယအနည်းဆုံးအသင်းဖြစ်နေကြောင်း သိရှိရသည်။ 

မော်ရင်ဟိုကိုင်တွယ်ခဲ့သည့်အသင်းများနှင့် အနိုင်ရလဒ်

  အသင်း        ကာလ        ပွဲ    နိုင်ပွဲ    အနိုင်(%)

ဘင်ဖီကာ        ၂၀၀၀        ၁၁    ၆    ၅၄.၅ %

လိုင်ရီယာ        ၂၀၀၁-၀၂        ၂၀    ၉    ၄၅ %

ပေါ်တို        ၂၀၀၂-၀၄        ၁၂၇    ၉၁    ၇၁.၇ %

ချယ်လ်ဆီး    ၂၀၀၄-၀၇        ၁၈၅    ၁၂၄    ၆၇ %

အင်တာမီလန်    ၂၀၀၈-၁၀        ၁၀၈    ၆၇    ၆၂%

ရီးယဲလ်        ၂၀၁၀-၁၃        ၁၇၈    ၁၂၈    ၇၁.၉ %

ချယ်လ်ဆီး    ၂၀၁၃-၁၅        ၁၃၆    ၈၀    ၅၈.၈ %

မန်ယူ        ၂၀၁၆-၁၈        ၁၄၄    ၈၄    ၅၈.၃ %

စပါး        ၂၀၁၉-လက်ရှိ    ၂၂    ၁၁    ၅၀ %

 

Most Read

Most Recent