ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံနှင့် မြန်မာ့နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ထိခိုက်နစ်နာခဲ့ပြီး အထူးသဖြင့် တရုတ်နိုင်ငံသို့တင်ပို့သည့် ဖရဲ၊ သခွားနှင့် ရေထွက်ကုန်များတွင် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၀၉ သန်းအထိ လျော့ကျခဲ့ကြောင်း စီးပွား/ကူးသန်းဝန်ကြီး ပြောကြား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံနှင့် မြန်မာ့နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ထိခိုက်နစ်နာခဲ့ပြီး အထူးသဖြင့် တရုတ်နိုင်ငံသို့တင်ပို့သည့် ဖရဲ၊ သခွားနှင့် ရေထွက်ကုန်များတွင် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၀၉ သန်းအထိ လျော့ကျခဲ့ကြောင်း စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
ဖေဖော်ဝါရီ ၂၂ ရက်က ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် ဒုတိယသမ္မတနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် အဖွင့်အမှာစကားပြောကြားနေသည့် ဒေါက်တာသန်းမြင့်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
ဖေဖော်ဝါရီ ၂၂ ရက်က ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် ဒုတိယသမ္မတနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် အဖွင့်အမှာစကားပြောကြားနေသည့် ဒေါက်တာသန်းမြင့်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
Published 22 February 2020
ဖြိုးဝေ

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပျံ့နှံ့ဖြစ်ပွားနေမှုများကြောင့် မြန်မာ့နယ်စပ် ကုန်သွယ်ရေးကဏ္ဍတွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ဖရဲ၊ သခွားနှင့် ရေထွက်ကုန် တင်ပို့မှုများတွင် တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှု အမေရိကန်ဒေါ်လာ ၂၀၉ သန်းအထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားသည်။

“လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း ထိခိုက်နစ်နာမှု အထိုက်အလျောက်ရှိတဲ့အတွက် တင်ပြလိုပါတယ်။ မနှစ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၁၄ ရက်အထိ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅၉၅ ဘီလျံ ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ်ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂ ဒသမ ၁၄၇ ဘီလျံ ပိုမိုဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ မနှစ်က ကာလတူနဲ့ ဒီနှစ်ကာလတူ နှိုင်းယှဉ်မယ်ဆို ဒီနှစ်က အမေရိကန်၂ ဒသမ ၁၄၇ ဘီလျံဖိုး သွင်းကုန်၊ ထုတ်ကုန် ကုန်သွယ်မှုကို ပိုမိုဆောင်ရွက်နိုင်ပါတယ်။ ပို့ကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅၃ ဘီလျံ ပိုမိုတိုးတက်ခဲ့ပါတယ်။ သို့သော်လည်း တရုတ်နိုင်ငံတွင် နှစ်သစ်ကူးပိတ်ရက်များနဲ့ ဆက်ပြီးတော့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှု ထိခိုက်ခဲ့ပါတယ်။ နှစ်သစ်ကူး ပိတ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၂၃ ရက်ကနေ ဖေဖော်ဝါရီ ၁၈ ရက်အထိ ယခင်နှစ်ကာလ တူနဲ့ နှိုင်းယှဉ်မယ်ဆို တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၅၂ သန်းနဲ့ သွင်းကုန် အမေရိကန်ဒေါ်လာ ၅၇ သန်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀၉ သန်း လျော့နည်းခဲ့တာကို တွေ့ခဲ့ရပါတယ်။ အဲဒီမှာ တရုတ်နိုင်ငံကို အဓိကတင်ပို့နေရတဲ့ ဖရဲ၊ သခွား ပုပ်သိုးလွယ်တဲ့ကုန်များ၊ ရေထွက်ပစ္စည်း တင်ပို့မှုများ ထိခိုက်ခဲ့ရပါတယ်” ဟု ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ထို့ကြောင့်  အရေးပေါ်ဖြေရှင်းမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်း၍ ရန်ကုန်စျေးကွက်အတွင်း ဖရဲ၊ သခွားများ ရောင်းချနိုင်သမျှ ရောင်းချနိုင်အောင် နေရာပေးကာ စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖရဲ၊ သခွား တင်ပို့မှု ထိခိုက်တဲ့အပေါ် ပြည်တွင်းစားသုံးမှု တိုးတက်ရေးအတွက် ဟိုတယ်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်၊ စားသောက်ကုန်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပြီးတော့ ရောင်းချနိုင်ဖို့ ပြည်တွင်းစားသုံးမှု မြင့်တက်လာဖို့လည်း ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ ဒီနေရာမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းရှင်များဘက်က ဝင်ငွေထိခိုက်နိုင်သလို ကျွန်တော်တို့ နိုင်ငံတော်ပိုင်းကလည်း အခွန်ရရှိမှု လျော့နည်းခဲ့ပါတယ်။ အထူးသဖြင့် တရုတ်ပြည်ဘက်ကပြန်လာတဲ့ အလုပ်သမားများလည်း ဝင်ငွေထိခိုက်နစ်နာမှု ဖြစ်ခဲ့ပါတယ်” ဟု ဒေါက်တာသန်းမြင့်က ပြောကြားသည်။

အလားတူပင် CMP လုပ်ငန်းများဖြစ်သည့် အထည်ချုပ်လုပ်ငန်းများအနေဖြင့်လည်း စိုးရိမ်စိတ်များရှိနေပြီး အထူးသဖြင့် CMP ကုန်ကြမ်းများကို တရုတ်နယ်စပ်လမ်းကြောင်းမှ တင်သွင်းရသည့်အတွက် နယ်စပ်လမ်းကြောင်းမှ ကုန်ကြမ်းတင်သွင်းမှု လျော့နည်းခဲ့သည့်အတွက် လက်ရှိတွင် ကုန်ကြမ်း လက်ကျန်စုဆောင်းမှုနှင့် ကုန်ကြမ်းပြတ်တောက်မှုဖြစ်ပွားခဲ့ပါက ဆက်လက်ရရှိနိုင်မှု ရှိ မရှိ စိတ်ပူပန်မှုများ ကြုံတွေ့နေရသည်ဟု ဒေါက်တာသန်းမြင့်က ပြောကြားသည်။

တရုတ်နိုင်ငံမှ ကုန်ကြမ်းအဓိက တင်သွင်းနေရသည့် ပြည်တွင်းအထည်ချုပ် လုပ်ငန်းများ မတ်လဆန်းအထိသာ ကုန်ကြမ်းရှိပြီး ဧပြီလကုန်အထိ ကုန်ကြမ်းမတင်သွင်းနိုင်ပါက လုပ်ငန်းများ ယာယီရပ်ဆိုင်းနိုင်ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

“စက်ရုံတော်တော်များမှာက ကုန်ကြမ်းက ဒီလအကုန် အလွန်ဆုံးဆိုရင် မတ်လပိုင်း နာမည်တော့ ကျွန်တော်မပြောတော့ပါဘူး။ စက်ရုံသုံးရုံလောက်ရှိတယ်။ ဝန်ထမ်း ၄၀၀၀ လောက်ရှိတယ်။ သူတို့ဆိုရင် မတ်လ ၁၀ ရက်နေ့အထိပဲရှိတယ်။ မတ်လ ၁၀ ရက်ပြီးသွားရင် သူဘယ်လိုလုပ်မလဲဆိုရင် သင်္ကြန်အထိကိုတော့ ပိတ်မယ့် အနေအထားပုံစံမျိုးကို ပြောလာတဲ့အနေအထားရှိတယ်” ဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း CEC ဖြစ်သူ ဦးအောင်မျိုးဟိန်းက ပြောကြားသည်။                           

 

 

Most Read

Most Recent