သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၉၂ ဘီလျံကျော် ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး ယင်းအနက် ကုမ္ပဏီသုံးခု နုတ်ထွက်သွား

သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၉၂ ဘီလျံကျော် ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး ယင်းအနက် ကုမ္ပဏီသုံးခု နုတ်ထွက်သွား
သီလဝါအထူးစီးပွားရေးဇုန် တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ- အောင်မျိုးသန့်)
သီလဝါအထူးစီးပွားရေးဇုန် တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ- အောင်မျိုးသန့်)
Published 15 February 2020
နီလာ

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပမာဏဒေါ်လာ ၁ ဒသမ ၉၂ ဘီလျံကျော်အထိ ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး ယင်းအနက် ကုမ္ပဏီသုံးခု နုတ်ထွက်သွားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၅ ခုအား ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၉၂ ဘီလျံကျော်ရှိကြောင်း၊ ယင်းအနက် ကုမ္ပဏီသုံးခု နုတ်ထွက်သွားခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီပေါင်း ၁၁၂ ခုမှ ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော် မြှုပ်နှံလျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

ထိုင်းနိုင်ငံ လန်ချဘန်ဆိပ်ကမ်းမှ သီလဝါဆိပ်ကမ်းအထိ ကွန်တိန်နာကားများ အပြန်အလှန် သွားလာနိုင်ရေး ဆောင်ရွက်နေသဖြင့် သီလဝါအထူးစီးပွားရေးဇုန်၏ တိုးတက်မှု ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

“ သီလဝါက နိုင်ငံနှစ်ခုက အစိုးရနှစ်ခုက ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ မြန်မာရယ်၊ ဂျပန်ရယ်၊ ဒီအစိုးရနှစ်ခုက ဘာကို Provide လုပ်လဲဆိုတော့ လိုအပ်တဲ့အခြေခံအဆောက်အအုံပိုင်းကို လုပ်တယ်။ ရေ၊ မီး၊ ဆိပ်ကမ်းတွေ လုပ်ပေးတယ်။ လုပ်ပေးတဲ့အခါ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အခြေခံလိုအပ်ချက်ကလည်း ဒါတွေပဲဖြစ်နေတယ်။ ဒါတွေ ပြည့်စုံတာနဲ့အမျှ ရင်းနှီးမြှုပ်နှံသူတွေက ရောက်လာတာ တွေ့ရတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

“ ၃၀ ရက်ကဆိုရင် ထိုင်းနိုင်ငံ လန်ချဘန်ဆိပ်ကမ်းကနေ သီလဝါဆိပ်ကမ်းအထိ ကွန်တိန်နာကားတွေ အပြန်အလှန်သွားဖို့ လုပ်နေတာ ရှိနေပါတယ်။ ဆိုတဲ့အခါ သီလဝါရဲ့အနာဂတ်က ပိုပြီးကောင်းလာတဲ့ သဘောမှာ ရှိနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် အထူးစီးပွားရေးဇုန်ဥပဒေအရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC) က ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ ကုန်ထုတ်လုပ်မှုလုပ်ငန်း ရာခိုင်နှုန်း ၈၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး အရောင်းအဝယ်လုပ်ငန်း ကိုးရာခိုင်နှုန်းနီးပါးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွင် ငါးရာခိုင်နှုန်းခန့် ပါဝင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

“ သီလဝါအထူးစီးပွားရေးဇုန်မှာ ကုမ္ပဏီများက လုပ်ငန်းလည်ပတ်လျက်ရှိတဲ့ စက်ရုံအရေအတွက် များလာတာနဲ့အမျှ ရေနဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုနှုန်းကလည်း တိုးတက်လာမယ်လို့ မျှော်မှန်းထားပြီး အဲဒီလုပ်ငန်းတွေက ဝင်ငွေတိုးတက်လာမယ်လို့ သုံးသပ်ပါတယ်” ဟု Myanmar Thilawa SEZ Holdings Public Co.,Ltd (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

“ အနာဂတ်ကာလမှာ စီးပွားရေးအရ ယှဉ်ပြိုင်မှုတွေ ပိုမိုပြင်းထန်လာနိုင်သော်လည်း သီလဝါအထူးစီးပွားရေးဇုန်ဟာ မြန်မာ- ဂျပန် နှစ်ဖက်အစိုးရအဖွဲ့များက ဇုန်နဲ့ ဇုန်ပတ်ဝန်းကျင်မှာရှိတဲ့ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးဆောင်ရွက်နေတဲ့အတွက် သီလဝါ အထူးစီးပွားရေးဇုန်ဟာ ရင်းနှီးမြှုပ်နှံသူများ စီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံးနေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးဝင်းအောင်က ဆက်လက်ပြောကြားသည်။

 

 

Most Read

Most Recent