အနာဂတ်တွင် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ချီ၍ ရင်ပေါင်တန်းတည်ဆောက်လိုလျှင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာရန် ကြိုးစားရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

အနာဂတ်တွင် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ချီ၍ ရင်ပေါင်တန်းတည်ဆောက်လိုလျှင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာရန် ကြိုးစားရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
ပင်လုံမြို့ ပင်လုံကျောက်တိုင်ကွင်းအတွင်း ပြင်ဆင်ထားသည့် အစည်းအဝေးခန်းမ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထုတွေ့ဆုံပွဲ ကျင်းပစဉ်(ဓာတ်ပုံ- စည်သာ)
ပင်လုံမြို့ ပင်လုံကျောက်တိုင်ကွင်းအတွင်း ပြင်ဆင်ထားသည့် အစည်းအဝေးခန်းမ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထုတွေ့ဆုံပွဲ ကျင်းပစဉ်(ဓာတ်ပုံ- စည်သာ)
Published 12 February 2020
စည်သာ (တောင်ကြီး)

အနာဂတ်တွင် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ချီ၍ ရင်ပေါင်တန်းတည်ဆောက်လိုလျှင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာရန် ကြိုးစားရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့တွင် ကျင်းပသည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ အနာဂတ်မှာ ကျွန်မတို့နိုင်ငံ ဘယ်လို ပုံစံမျိုးနဲ့ အမွေပေးခဲ့မလဲဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ နှစ် ၇၀ ကျော် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ ဘယ်လိုဖြစ်နေလဲဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ချီပြီး ရင်ပေါင်တန်း လျှောက်လှမ်းနိုင်ဖို့ တည်ဆောက်ကြရမှာဖြစ်ပါတယ်။ အဲဒီလို လျှောက်လှမ်းနိုင်တဲ့ အချုပ်အခြာ အာဏာပိုင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ရပ် ဖြစ်လာအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်ထောင်စုနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်၍ ကျင်းပခဲ့သည်မှာ အကြိမ် ၇၀ ကျော်ပြီ ဖြစ်သော်လည်း အယူဝါဒကွဲပြားမှုနှင့် သံသယများကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်းသားအချင်းချင်း စစ်ခင်းနေကြသည်မှာ နှစ်ပေါင်း ၇၀ ကျော်နေပြီး သေနတ်သံများ တိတ်ဆိတ်ခြင်း မရှိသေးကြောင်း၊ သမိုင်းကို ပြန်ကြည့်ရာတွင် တစ်ဦးနှင့် တစ်ဦး အပြစ်တင်နေမည်ဆိုလျှင် အဖြေမှန်ရရှိနိုင်မည် မဟုတ်ကြောင်း၊ အားလုံးက မည်သည့်အမှားများ လုပ်ခဲ့သည်ကို ဝေဖန်ဆန်းစစ်သည့်အမြင်ဖြင့် ကြည့်ရန်လိုကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အမြင်သစ်များနှင့်အတူ မဟောင်းနွမ်းနိုင်သည့် ပင်လုံစိတ်ဓာတ်နှင့်လည်း ကြည့်စေချင်ကြောင်း၊ အတိတ်သမိုင်းဆီက မည်သည့်သင်ခန်းစာ ရနိုင်မည်နည်းဆိုသည့် အမြင်ဖြင့် ကြည့်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းခဲ့ကြသော်လည်း ငြိမ်းချမ်းရေးရည်မှန်းချက်များ ပြီးပြည့်စုံအောင် မဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေးလောက်သာ အမြင့်ဆုံးရရှိခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ မတည်ဆောက်နိုင်ခြင်းသည် လက်နက်ကိုင်ပဋိပက္ခ၏ အကြောင်းရင်းသာဖြစ်ပြီး နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ခဲ့၍ဖြစ်သည်ဟု မိမိတို့အစိုးရက ယူဆကြောင်း၊ ယခုအခြေအနေတွင် နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းဆောင်ရွက်နေပြီး တိုင်းရင်းသားအားလုံး ကျေနပ်လက်ခံနိုင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နိုင်ငံရေးဆွေးနွေးမှုဖြစ်သည့်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံအစည်းအဝေးများ ကျင်းပဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။

“ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံလို့ နာမည်ပေးထားခြင်းဟာ ၂၀ ရာစု ပင်လုံရဲ့ စည်းလုံးညီညွတ်မှု အသိစိတ်ဓာတ်နဲ့ အဲဒီအချိန်က တကယ်လိုအပ်နေတဲ့ လွတ်လပ်ရေးကို ရအောင်ယူနိုင်ခဲ့ပါတယ်။ ဒါကို ကျွန်မတို့တွေ ပြန်ပြောင်းအမှတ်ရပြီးတော့ စည်းလုံးညီညွတ်ကြဖို့ လိုပါတယ်။ ၂၀ ရာစု ပင်လုံရဲ့ စည်းလုံးညီညွတ်မှုစိတ်ဓါတ်ကို ယူဆောင်ပြီးတော့ ၂၁ ရာစုပင်လုံကို လက်ရှိကာလရဲ့ ဆက်စပ်အခြေအနေတွေနဲ့ ကိုက်ညီအောင် ဆွေးနွေးညှိနှိုင်းရဖို့ ကျွန်မတို့နိုင်ငံအတွက် အသက်တမျှ အရေးတကြီးလိုအပ်နေတဲ့ ရေရှည်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးကို စုပေါင်းအားနဲ့ ရယူကြဖို့ပဲဖြစ်ပါတယ်။ ကျွန်မတို့ ဘိုးဘွားတွေ ထူထောင်ခဲ့တဲ့ နိုင်ငံ၊ ကျွန်မတို့ ဘိုးဘွားတွေ စည်းလုံးညီညွတ်မှုအားနဲ့ ဥမကွဲ သိုက်မပျက် လွတ်လပ်ရေး အရယူနိုင်ခဲ့တဲ့ ပြည်ထောင်စုကြီး အရှည်သဖြင့် တည်တံ့ခိုင်မြဲစေဖို့ရန် အားလုံးသဘောတူ လက်ခံနိုင်တဲ့ ၂၁ ရာစု ဆက်စပ်အခြေအနေတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီဖက်ဒရယ် ထူထောင်နိုင်ဖို့ အရေးကြီးလှပါတယ်။ ကျွန်မတို့ အားလုံးဟာ မတူညီတဲ့ ယုံကြည်ချက်တွေ ရှိနေကြပေမဲ့လည်း အားလုံးရဲ့ရည်မှန်းချက် ပန်းတိုင်ဟာ အမျိုးသားတန်းတူရေးနဲ့ အမျိုးသားညီညွတ်ရေးကို အခြေခံတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပဲဆိုတာ သံသယဖြစ်စရာမလိုဘူးလို့ ထင်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံဖော်ကြမလဲဆိုတဲ့ နည်းနာပိုင်းဆိုင်ရာမှာ အမြင်မတူညီတာတွေ ရှိနေဆဲဖြစ်ပေမဲ့လည်း တူညီတဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့အတွက် ကျွန်မတို့ အမျှော်အမြင်ကြီးကြီး ညီညီညွတ်ညွတ် ကြိုးစားသွားကြမယ်ဆိုရင် မအောင်မြင်နိုင်စရာအကြောင်း မရှိပါဘူးလို့လည်း ယုံကြည်ပါတယ်။ ၂၀ ရာစု ပင်လုံအစည်းအဝေးမှာ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ အမြော်အမြင် ကြီးမားစွာ ညှိနှိုင်းစည်းဝေးခဲ့ကြသလို၊ ၂၁ ရာစု ပင်လုံမှာလည်း ကျွန်မတို့ တိုင်းရင်းသားတွေ ညီအစ်ကို မောင်နှမတွေ အမြော်အမြင်ရှိရှိ၊ စည်းစည်းလုံးလုံး၊ ညှိညှိနှိုင်းနှိုင်း တိုင်ပင်ကြမယ်ဆိုရင် ကျွန်မတို့အားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်မှာ မလွဲဧကန်ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဖတ်ကြားခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား မိန့်ခွန်းပြောကြားခြင်းနှင့် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခြင်း၊ တောင်တန်း- ပြည်မ ပူးပေါင်းရေးစာချုပ် (ပင်လုံ) တွင် လက်မှတ်ရေးထိုးခဲ့သော ပုဂ္ဂိုလ် ၂၃ ဦး၏ ဓာတ်ပုံအထိမ်းအမှတ်နေရာများအား လှည့်လည်ကြည့်ရှုခြင်းနှင့် ၎င်းပုဂ္ဂိုလ် ၂၃ ဦး၏ မိသားစုဝင်များကို လိုက်လံနှုတ်ဆက်ခြင်း၊ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေး သံလွင်ပင်စိုက်ပျိုးခြင်း၊ တိုင်းရင်းသားတိုင်းရင်းသူများနှင့် တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ ပင်လုံမြေကသစ္စာသီချင်းဖြင့် ကပြဖျော်ဖြေခြင်းနှင့် တိုင်းရင်းသားတိုင်းရင်းသူလေးများကို နှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပင်လုံမြို့ ပင်လုံကျောက်တိုင်ကွင်းအတွင်း ပြင်ဆင်ထားသည့် အစည်းအဝေးခန်းမ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီးရှစ်ဦး ပါဝင်သော အစိုးရအဖွဲ့တို့သည် လူထုတွေ့ဆုံပွဲကိုလည်း ပြုလုပ်ခဲ့သည်။

 

 

Most Read

Most Recent