၂၀၁၉ -၂၀၂၀ ခုနှစ် ဆောင်းရာသီတွင် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိမည့်မတ်ပဲများ အိန္ဒိယ၏ ကာလသတ်မှတ်ချက်နှင့်အညီ အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းသို့အရောက် တင်ပို့နိုင်ရန် ခက်ခဲမှုအပေါ် အချိန်ကာလ တိုးမြှင့်ပေးရေး စဉ်းစားပေးရန် မြန်မာဘက်က မေတ္တာရပ်ခံထား

၂၀၁၉ -၂၀၂၀ ခုနှစ် ဆောင်းရာသီတွင် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိမည့်မတ်ပဲများ အိန္ဒိယ၏ ကာလသတ်မှတ်ချက်နှင့်အညီ အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းသို့အရောက် တင်ပို့နိုင်ရန် ခက်ခဲမှုအပေါ် အချိန်ကာလ တိုးမြှင့်ပေးရေး စဉ်းစားပေးရန် မြန်မာဘက်က မေတ္တာရပ်ခံထား
  မန္တလေးရှိ ပဲကုန်စည်ဒိုင်ကို တွေ့ရစဉ်
မန္တလေးရှိ ပဲကုန်စည်ဒိုင်ကို တွေ့ရစဉ်
Published 12 February 2020
နီလာ

 

၂၀၁၉ -၂၀၂၀ ခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးထားရှိပြီး မတ်လလဆန်းပိုင်းခန့်၌ ထွက်ရှိမည့် မြန်မာနိုင်ငံမှမတ်ပဲများအား အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကာလသတ်မှတ်ချက်နှင့်အညီ အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းသို့ အရောက်တင်ပို့နိုင်ရန် ခက်ခဲမှုအပေါ် အချိန်တစ်ရပ်တိုးမြှင့်ပေးရေး စဉ်းစားဆောင်ရွက်ပေးပါရန် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းမှ ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံအမတ်ကြီးထံသို့ မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့ပြင် အဆိုပါစာမိတ္တူအား အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့လည်း မြန်မာသံရုံး၊ နယူးဒေလီမြို့မှတစ်ဆင့် ပေးပို့ထားကြောင်း သိရသည်။

မြန်မာသံရုံးမှ အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ အာဆီယံဌာနခွဲသို့ အလွတ်သဘော ဆက်သွယ်မေးမြန်းဆွေးနွေးမှုများအရ အဆိုပါဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် မတ်ပဲများအား ကာလတိုးမြှင့်တင်သွင်းခွင့် ပြုနိုင်ရေး ၂၀၂၀ ပြည့်နှစ် မေလအထိ အချိန် တိုးမြှင့်ပေးရန် ဌာနအတွင်း၌ ဆွေးနွေးညှိ နှိုင်းလျက်ရှိကြောင်း၊ အဆိုပါကိစ္စရပ်အား သတ္တမအကြိမ် မြန်မာ-အိန္ဒိယကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေး၏ အစီအစဉ်တွင် ထည့်သွင်းဆွေးနွေးမည့် အခြေအနေရှိကြောင်း အိန္ဒိယနိုင်ငံ၊ မြန်မာစီးပွားရေးသံမှူး၏ ပေးပို့ချက်ကို မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံတန်ချိန် နှစ်သိန်း၊ မတ်ပဲတန်ချိန် ၁ ဒသမ ၅ သိန်း၊ ပဲတီစိမ်းတန်ချိန် ၁ ဒသမ ၅ သိန်းနှင့် ပဲလုံးတန်ချိန် ၁ ဒသမ ၅ သိန်းတို့ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက် နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများသို့ အရောက်ခွဲတမ်းစနစ်ဖြင့် တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မတ် ၂၉ ရက် တွင် အမိန့်ကြော်ငြာစာအမှတ် No. S.O 1478 E ဖြင့် ထုတ်ပြန်ခဲ့သည်။

အဆိုပါဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၉ ခုနှစ် ဇွန် ၁၂ ရက်တွင် ပဲမျိုးစုံတင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများစာရင်းကို ထုတ်ပြန်ပေးခဲ့ပြီး ပဲတင်သွင်းရမည့်ကာလ သတ်မှတ်ချက်ကိုလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံဆိပ်ကမ်းသို့ အရောက်တင်သွင်းကြရမည်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်လိုက်သည်။

သို့ရာတွင် အဆိုပါသတ်မှတ်ကာလအတွင်း လိုအပ်သော ပဲတန်ချိန်ပြည့်မီအောင် တင်သွင်းနိုင်မှုမရှိသဖြင့် ကုန်သည်များ၏ တောင်းဆိုမှုအရ အိန္ဒိယအစိုးရသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ကြေညာချက် ထပ်မံထုတ်ပြန်လျက် ပဲစင်းငုံတစ်မျိုးတည်းကိုသာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထား၍ တင်သွင်းခွင့်ပြုခဲ့သည်ဟုသိရသည်။

အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက် မတ်ပဲတင်သွင်းခွင့်ခွဲ တမ်းသတ်မှတ်ချက်ကို မူလကတန်ချိန် ၁ ဒသမ ၅ သိန်းသတ်မှတ်ထားရာမှ နောက်ထပ်တန်ချိန် ၂ ဒသမ ၅ သိန်းကို တိုးမြှင့်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် အဆိုပါထပ် တိုးမတ်ပဲတင်သွင်းခွင့်ရရှိသည့် ကုမ္ပဏီများသည် အိန္ဒိယဆိပ်ကမ်းသို့ ၂၀၂၀ ခုနှစ် မတ်  ၃၁ ရက်နေ့ အရောက်တင်သွင်းရမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က ကုန်သွယ်ရေးအသိပေးချက် Trade Notice No. 43/ 2010- 2020 ကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှထုတ်ပြန်ချက်အရ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် မတ်ပဲတစ်တန်လျှင် ကျပ် ၁၀၀၀၀၀၀၊ မတ်ပဲ FAQ / RC 2019 Crop တစ်တန်လျှင် ကျပ် ၁၁၁၀၀၀၀၊ ပဲစင်းငုံ Red/ Rc 2020 Crop တစ်တန်လျှင် ကျပ် ၆၅၀၀၀၀ စျေးရှိကြောင်း သိရသည်။

 

 

Most Read

Most Recent