မောက်မယ်မြို့နယ် လွယ်ခွန်ရွာဟောင်းတွင် ရွှေလီမြို့မှ ပြန်ရောက်လာသူ ညီအစ်မ နှစ်ဦးကြောင့် တစ်အိမ်လုံး ဖျားနာ၊ ချောင်းဆိုးနေသဖြင့် ထိုမိသားစုခု နစ်ဦးအား မောက်မယ်ပြည်သူ့ဆေးရုံ သီးသန့်ခန်းတွင် ကြပ်မတ်ကုသပေးနေဟု ပြောကြား

မောက်မယ်မြို့နယ် လွယ်ခွန်ရွာဟောင်းတွင် ရွှေလီမြို့မှ ပြန်ရောက်လာသူ ညီအစ်မ နှစ်ဦးကြောင့် တစ်အိမ်လုံး ဖျားနာ၊ ချောင်းဆိုးနေသဖြင့် ထိုမိသားစုခု နစ်ဦးအား မောက်မယ်ပြည်သူ့ဆေးရုံ သီးသန့်ခန်းတွင် ကြပ်မတ်ကုသပေးနေဟု ပြောကြား
Published 10 February 2020
စည်သာ(တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု လွယ်ခွန်ရွာဟောင်းတွင် ရွှေလီမြို့မှ ပြန်ရောက်လာသူ ညီအစ်မ နှစ်ဦးကြောင့် တစ်အိမ်လုံး မိသားစုဝင်များ ဖျားနာနေသဖြင့် ထိုမိသားစု ခုနစ်ဦးစလုံး မောက်မယ်ပြည်သူ့ဆေးရုံ သီးသန့်ခန်း အဆောင်တွင် ကြပ်မတ်ကုသပေးနေဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သတင်းရရှိသည်။

တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် ဆေးကုသခံနေသော ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာမှ မောင်အောင်ဇင်ထွန်း အသက် (၁၉ နှစ်) နှင့် ညီအစ်မနှစ်ဦးတို့သည် ရွှေလီမြို့မှ လမ်းခရီးတစ်လျှောက် ဆိုက်ခေါင်အထိ အတူလိုက်ပါလာပြီးနောက် ၎င်းတို့ဆွေမျိုးများမှ ဆိုက်ခေါင်မှ မောက်မယ်သို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရပြီး၊ မောက်မယ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ကျန်းမာရေးမှူး၊ အဖွဲ့စုံ ကျန်းမာရေး ဝန်ထမ်းများတို့သည် ဖေဖော်ဝါရီ ၉ ရက်တွင် မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ လွယ်ခွန်ရွာဟောင်းကို သွားရောက်စစ်ဆေးခဲ့ရာ တစ်မိသားစုလုံး ဖျားနာခြင်း၊ နှာစေးခြင်း ချောင်းဆိုးခြင်းများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသဖြင့် မောက်မယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ရွှေလီမှ ပြန်ရောက်လာသူ ညီအစ်မ နှစ်ဦးဖြစ်သော မညိုနှင့် နန်းခမ်းမွန်းတို့သည် ဖျားနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်ပေါ်နေပြီး၊ အဖေဖြစ်သူ ဦးချွန်နှင့် အမေဖြစ်သူ မိုးချန်တို့သည် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း ဖြစ်နေကာ ကလေးငယ် သုံးဦးသည် မဖျားဘဲ ညီမဖြစ်သူ ချောင်းဆိုးခြင်း၊ အငယ်ဆုံး မောင်နှစ်ဦး တို့သည်လည်း နှာစေးခြင်းများ ဖြစ်ပေါ်နေသဖြင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန်နှင့် အနီးကပ် စောင့်ရှောက်ပေးနိုင်ရန်အတွက် မောက်မယ်ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်သင့်ကြောင်း ဆွေးနွေးမှုအရ ညနေ ၅ နာရီ ခွဲအချိန်တွင် လူနာတင်ယာဉ်ဖြင့် သွားရောက် ခေါ်ဆောင်လျက်ရှိရာ ည ၈ နာရီ ၄၅ မိနစ်တွင် ရောက်ရှိ၍ သီးသန့်လူနာဆောင်တွင် ကျန်းမာရေး စောင့်ရှောက်ပေးလျက် ရှိကြောင်း သိရသည်။

“အဖေနဲ့ အမေက ဖျားတယ်။ အငယ်သုံးယောက်တော့ ချောင်းဆိုးတာလောက်ပဲ၊ ရွာမှာဆိုရင် လျှောက်လည်နေကြတော့ သိပ်အဆင် မပြေဘူးလေ။ ဒါကြောင့် ဆေးရုံမှာပဲ ခေါ်ပြီးတော့ ကြပ်မတ်ကုသပေးနေတဲ့ သဘောပါ။ သီးသန့်ဆောင်တော့ ထားတယ်။ ဒီနေ့မှပဲ နှာခေါင်းတို့ဖတ်ကို ယူပြီးစစ်ဖို့ လုပ်နေတယ်။ ပြည်နယ်ရဲ့ ညွှန်ကြားချက်အရ လုပ်ဆောင်နေပါတယ်။ ချောင်းဆိုးနှာစေးပါပဲ။ အဆုတ်လည်း သိပ်မရောင်ပါဘူး။ သိပ်မစိုးရိမ်ရဘူး။ မြို့နယ်အဆင့်မှာ ထားရမယ့်လူနာတွေ ဖြစ်နေတယ်” ဟု မောက်မယ်မြို့နယ် ဆေးရုံအုပ် ဒေါက်တာမြမြသန်းက ပြောကြားသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော 2019 Noval Coronavirus 2019-nCov ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှမ်းပြည်နယ်တွင်း ဖြစ်ပွားမှု မရှိစေရေး၊ ပြည်နယ်အဆုတ်ရောင်ရောဂါ စောင့်ကြပ်စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ဥက္ကဋ္ဌအဖြစ်၊ အဖွဲ့ဝင်ပေါင်း ၂၈ ဦးဖြင့် ပြည်နယ်အဆင့် ကော်မတီကို ဖွဲ့စည်းဆောင်ရွက် ထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြောကြားသည်။

 

 

Most Read

Most Recent