အဂတိလိုက်စားမှုကြောင့် လူ့အဖွဲ့အစည်းများကို မတည်မငြိမ်ဖြစ်စေပြီး တရားဥပဒေ စိုးမိုးရေးကိုလည်း အန္တရာယ်ရှိစေသည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အတွင်းရေးမှူးပြောကြား

အဂတိလိုက်စားမှုကြောင့် လူ့အဖွဲ့အစည်းများကို မတည်မငြိမ်ဖြစ်စေပြီး တရားဥပဒေ စိုးမိုးရေးကိုလည်း အန္တရာယ်ရှိစေသည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အတွင်းရေးမှူးပြောကြား
ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အဂတိလိုက်စားမှု တိုင်းတာခြင်း အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး အမှာစကား ပြောကြားစဉ် (ဓာတ်ပုံ- အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်)
ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အဂတိလိုက်စားမှု တိုင်းတာခြင်း အခမ်းအနားတွင် ကော်မရှင်အတွင်းရေးမှူး အမှာစကား ပြောကြားစဉ် (ဓာတ်ပုံ- အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်)
Published 10 February 2020

အဂတိလိုက်စားမှုကြောင့် လူ့အဖွဲ့အစည်းများကို မတည်မငြိမ်ဖြစ်စေပြီး တရားဥပဒေ စိုးမိုးရေးကိုလည်း အန္တရာယ်ရှိစေသည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းကပြော ကြားသည်။

ဖေဖော်ဝါရီ ၁၀ ရက်က ပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အခြေခံ လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲတွင် ကော်မရှင် အတွင်းရေးမှူးက ပြောကြားခဲ့ ခြင်းဖြစ်သည်။

အဂတိလိုက်စားမှု ဆိုသည်မှာ မိမိအကျိုးအမြတ်အတွက် အပ်နှင်းထားသည့် အာဏာကို အလွဲသုံးစာပြုမူခြင်း ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် လူ့အဖွဲ့အစည်းများကို မတည်မငြိမ်ဖြစ်စေပြီး တရားဥပဒေ စိုးမိုးရေးကိုလည်း အန္တရာယ်ရှိစေကြောင်း၊ ထို့ပြင်အင်စတီကျူးရှင်းများနှင့် ဒီမိုကရေစီ တန်ဖိုးများကို လှိုက်စားပြီး အားနည်းပျက်သုဉ်းသွားစေသော အရာဖြစ်ကြောင်း ကော်မရှင် အတွင်းရေးမှူးက ပြောကြားသည်။

အဂတိလိုက်စားမှု အတိုင်းအတာ၏ ကျယ်ပြန့်ပုံကိုကြည့်ပါက ကလေးတစ်ယောက် စတင်မွေးဖွားခြင်းမှ အစပြုကာ ကျောင်းထားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေခြင်း၊ နေ့စဉ်ဘဝ အလုပ်အကိုင်များ အလယ် နောက်ဆုံးဘဝနိဂုံးအဆုံး ပိုင်းအထိ အဂတိလိုက်စားမှုများနှင့် မကင်းကြသည်ကို တွေ့ရှိရကြောင်း၊ အဂတိလိုက် စားမှုကြောင့် ကုန်ကျစရိတ်သည် နှစ်စဉ် ကမ္ဘာ့ဂျီဒီပီ၏ ငါးရာခိုင်နှုန်းကျော် ဒေါ်လာ ၂ ဒသမ ၆ ထရီလျံနှင့် ညီမျှပြီး နှစ်စဉ်လာဘ် ပေးငွေများမှာ ဒေါ်လာ တစ်ထရီလျံအထိ ရှိနေသည်ဟု အပြည်ပြည်ဆိုင်ရာ ပွင့်လင်း မြင်သာမှုအဖွဲ့က ထောက်ပြထားကြောင်း အတွင်းရေးမှူးက ဆက်လက်ပြောကြားသည်။

နိုင်ငံဝန်ထမ်း ဆိုသည်မှာ နိုင်ငံတော် နှင့်ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရာတွင် အခရာကျသူများ ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ရိုးဖြောင့်မှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုများကို တိုးတက်စေခြင်းသည် နိုင်ငံတော်နှင့် ပြည်သူအကြား ယုံကြည်မှု တိုးပွားစေကြောင်း၊ ပြည်သူများပိုင်ဆိုင်သည့် နိုင်ငံ့ဘဏ္ဍာနှင့် အရင်းအမြစ်များကို အထိရောက်ဆုံးနှင့် ဘက်လိုက်မှု အကင်းဆုံး နည်းလမ်းများဖြင့် အသုံးပြုရန်လူထုမှ ယုံကြည်အပ်နှင်းထားသူများ ဖြစ်ကြောင်း ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက ပြောကြားသည်။

အများပြည်သူ ထိခိုက်နစ်နာမှုများကို စောင့်ကြပ်ကာကွယ်ပေးနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကဲ့သို့ အဖွဲ့အစည်းများ ဖွဲ့စည်းပြီး စောင့်ကြည့်ထိန်းသိမ်းလျက် ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ ကော်မရှင်ကို ဖွဲ့စည်းပြီး အများပြည်သူ နစ်နာမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိသည်ဟု ကော်မရှင် အတွင်းရေးမှူးက ဆိုသည်။

နေပြည်တော်တွင် ပြုလုပ်သည့် သင်တန်း၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေ၊ အခြားဆက်စပ်ဥပဒေများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ရုံးလုပ်ငန်းလက်စွဲ အကြောင်းတို့ကို ရက်သတ္တ လေးပတ်ကြာ ပို့ချသွားမည်ဖြစ်သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

 

Most Read

Most Recent