ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါကြောင့် မူဆယ်နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ဝင်ရောက်မှု ယခင်ထက်နည်းပါးပြီး မူဆယ်မြို့တွင်းသို့ တစ်နေ့လျှင် လူတစ်သောင်းဝန်းကျင် ဝင်ရောက်နေဆဲဖြစ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်ရောဂါကြောင့် မူဆယ်နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ဝင်ရောက်မှု ယခင်ထက်နည်းပါးပြီး မူဆယ်မြို့တွင်းသို့ တစ်နေ့လျှင် လူတစ်သောင်းဝန်းကျင် ဝင်ရောက်နေဆဲဖြစ်
မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့သို့ ရောက်ရှိလာသည့် နေရပ်ပြန်လာသူများအား ဖေဖော်ဝါရီ ၈ ရက်က မူဆယ်မြို့ ဆင်ဖြူဂိတ်အနီးတွင် တွေ့ရစဉ်။ ဓာတ်ပုံ (U Thaung Tun)
မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့သို့ ရောက်ရှိလာသည့် နေရပ်ပြန်လာသူများအား ဖေဖော်ဝါရီ ၈ ရက်က မူဆယ်မြို့ ဆင်ဖြူဂိတ်အနီးတွင် တွေ့ရစဉ်။ ဓာတ်ပုံ (U Thaung Tun)
Published 9 February 2020
ထွန်းနေလှိုင် (နောင်ပိန်)

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပိုးကြောင့် မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့သို့ ဝင်/ထွက်သွားလာကြသည့် ခရီးသွားဝင်ရောက်မှုမှာ ပုံမှန်ထက် လျော့နည်းသွားသော်လည်း မူဆယ်မြို့တွင်းသို့ ဝင်ရောက်လာသူများမှာ တစ်နေ့လျှင် လူဦးရေတစ်သောင်းခန့်အထိ ဝင်ရောက်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်စပ်ဂိတ်ပေါက်များတွင် မူဆယ်မြို့ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များက Mask များ ပေးဝေခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်းများအပြင် အခြားကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

“ တရုတ်နိုင်ငံဘက်ကို သွားတဲ့သူတွေ လည်းရှိတာပဲ။ ပြန်လာတဲ့သူတွေလည်း ရှိတာပဲ။ အဝင်အထွက်ကတော့ အရင်ကလို မများတော့ပေမဲ့ ပုံမှန်အတိုင်းတော့ ရှိနေကြတာပဲ။ တရုတ်ဘက်က ဂိတ်ပိတ်တာတော့ မရှိဘူး။ သူတို့နိုင်ငံထဲ အဝင်ခံတယ်။ အဝင်ခံတယ်ဆိုပေမဲ့ စာရွက်စာတမ်း ဖြည့်ရတယ်။ နှာခေါင်းစည်းတပ်ရတယ်။ ကျန်းမာရေးစစ်တယ်။ ပုံမှန်တော့ ဝင်ထွက်နေတာပဲ။ ဒါပေမဲ့ တရုတ်ထဲဝင်တဲ့သူတွေကတော့ အရင်ကနဲ့ ယှဉ်ရင် နည်းတော့နည်းသွားတာပေါ့။ တရုတ်ကနေ မြန်မာဘက်ကို ပြန်လာတဲ့သူတွေကတော့ များတယ်။ တရုတ်ထဲကနေ ပြန်ထွက်လာတဲ့သူတွေကိုတော့ မြန်မာဘက်ကနေ အဖျားတိုင်းတယ်။ လက်ဆေးခိုင်းတယ်။ နှာခေါင်းစည်းတပ်ခိုင်းတယ်ပေါ့။ တရုတ်ဘက်ကနေ မြန်မာဘက်ကို ပြန်ဝင်လာတဲ့သူတွေက တစ်ရက်တစ်ရက်ကို ကျွန်တော်တို့ ပရဟိတအဖွဲ့တွေ စာရင်းမှတ်တာ သုံးဂိတ်ပေါင်းကို လူဦးရေတစ်သောင်းကျော် မြန်မာဘက်ကို ပုံမှန်ဝင်ရောက်မှု ရှိနေပါတယ်။ ဒါက တရုတ်ဘက်ကနေ မြန်မာဘက်ကို ပြန်လာကြတဲ့ လူဦးရေပါ” ဟု မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောကြားသည်။

မူဆယ်မြို့ရှိ တရုတ်နယ်စပ် ဂိတ်ပေါက်များဖြစ်သည့် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန်ဝိန်းဂိတ်တို့တွင် မူဆယ်မြို့ရှိ ပရဟိတအသင်း ၁၄ သင်းနှင့် ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်ပေးနေပြီး ယနေ့အချိန်အထိ တရုတ်နိုင်ငံ ရွှေလီ၊ ကျယ်ဂေါင်မြို့များဘက်တွင် အလုပ်သွားရောက် လုပ်ကိုင်ကြသည့် အလုပ်သမားများ နေရပ်ပြန်လာနေကြဆဲဖြစ်သည်ကို တွေ့မြင်ရသည်။

မြန်မာနိုင်ငံ ဒေသအသီးသီးမှနေ၍ တရုတ်နိုင်ငံအတွင်းသို့ သွားရောက်အလုပ် လုပ်ကိုင်ကြသူများသည် ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ပိုး စိုးရိမ်စိတ်များကြောင့် ဇန်နဝါရီ ၂၉ ရက်ညပိုင်းတွင်လည်း ရွှေလီမြို့ဘက်တွင် သွားရောက်အလုပ် လုပ်ကိုင်ကြသည့် မုံရွာ၊ ကန့်ဘလူ၊ တောင်တွင်းကြီး၊ ကျောက်ပန်းတောင်း ဒေသတို့မှ ဒေသခံ ၁၁၆ ဦး၊ ဖေဖော်ဝါရီ ၁ ရက်တွင် တရုတ်နိုင်ငံ မန်စီမြို့ရှိ သစ်ခွခြံနှင့် သစ်ခွလိပ်သည့် စက်ရုံများတွင် သွားရောက်အလုပ် လုပ်ကိုင်ကြသူ ၁၅၃ ဦးသည် ရွှေလီမြို့ရှိ ကောင်စစ်ဝန်ရုံးအကူအညီဖြင့် မူဆယ်မြို့သို့ ရောက်ရှိလာပြီး နေရပ်အသီးသီး ပြန်သွားကြကြောင်း သိရသည်။              

 

 

Most Read

Most Recent