ကော့သောင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အိတ်ဖွင့်တင်ဒါခေါ်ယူ

ကော့သောင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အိတ်ဖွင့်တင်ဒါခေါ်ယူ
ကော့သောင်းမြို့ဝန်းကျင်ကို ဝေဟင်မှ တွေ့ရစဉ်
ကော့သောင်းမြို့ဝန်းကျင်ကို ဝေဟင်မှ တွေ့ရစဉ်
Published 9 February 2020
ဖြိုးဇင်

ကော့သောင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖေဖော်ဝါရီ ၇ ရက်မှစ၍ အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်းအတွက် တင်ဒါလျှောက်လွှာများကို ဖေဖော်ဝါရီ ၇ ရက်မှစတင်ကာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ရောင်းချပေးမည်ဖြစ်ပြီး မတ် ၆ ရက်တွင် တင်ဒါ  လျှောက်လွှာတင်သွင်းမှု ပိတ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

“ လျှောက်လွှာတွေကိုတော့ ၇ ရက်နေ ့ကနေ စရောင်းနေတယ်။ မတူတာတစ်ခုကတော့ အရင်ပုံစံမျိုးမဟုတ်တော့ဘူး။ ကျွန်တော်တို့ ဒီ Total အမှတ်ပေးစနစ်နဲ့ သွားမှာမဟုတ်တော့ဘူး။ အဓိကက Profile စစ်မယ်။ Profile အောင်ရင် Technical စစ်မယ်။ Technical အောင်မှ Price ကိုပြိုင်ခိုင်းမယ်။ Price တစ်ခါတည်းဖြတ်မယ်။ ဒီပုံစံမျိုးပေါ့။ ဒါတော့ အတွေ့အကြုံပေါ့။ လုပ်လာတဲ့တင်ဒါ တစ်ခုနဲ့တစ်ခု အတွေ့အကြုံအပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင်ပေါ့။ စောဒကတက်တဲ့အပေါ်မူတည်ပြီး အချို့က အမှတ်ပေးစနစ်ဆိုရင် Profile ရယ်၊ Technical ရယ်၊ Price ရယ်ပေါင်းပြီး ပေးတဲ့အမှတ်ကျတော့ အချို့က စျေးနှုန်းနည်းတိုင်း မရတဲ့ဟာတွေ ရှိတယ်။ မရရင် ဒါတွေအပေါ်စေဒက တက်လာတာရှိတာပေါ့။ ဒီစနစ်မျိုးသွားမယ်ဆိုရင် အကုန်လုံးစျေးအနည်းဆုံးကိုယူလိုက်ရင် ရှင်းသွားပြီ။ Technical အောင်မှ Price ကို ပေးပြိုင်မယ်။ Price မှာ စျေးအနည်းဆုံးကို ယူလိုက်မယ်ဆိုရှင်းပြီ။ စောဒကတက်စရာလည်း မရှိတော့ဘူး” ဟု တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။

ကော့သောင်းမြို့နယ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ရွေးချယ်ရာတွင် တင်ဒါရွေးချယ်မှုပုံစံကိုသာ ပြောင်းလဲထားပြီး အခြားတင်ဒါစည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်၍ ယခင်ကပြုလုပ်ခဲ့သည့် ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း တင်ဒါခေါ်ယူစဉ်က စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အတိုင်းသာ ဖြစ်ကြောင်း၊ အဓိကအချက်အနေဖြင့် တင်ဒါဖွင့်ပွဲ၌ တင်ဒါယှဉ်ပြိုင်သည့် ကုမ္ပဏီများ၏ Profile များကို စစ်ဆေးရာတွင် မြန်မာနိုင်ငံ၌ ကုမ္ပဏီမှတ်ပုံတင်ထားမှုမရှိခြင်း၊ သက်ဆိုင်ရာ ကုမ္ပဏီမှတ်ပုံတင် သက်တမ်းလွန်နေခြင်း၊ အခွန်အကြွေးကျန်ရှိနေခြင်း စသည့် အချက်များတွေ့ရှိပါက တင်ဒါယှဉ်ပြိုင်မှုမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်တင်ဒါအတွက် တင်ဒါဖွင့်ပွဲကို နှစ်ရက်ခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး တင်ဒါဖွင့်ပွဲကျင်းပသည့်နေ့တွင် တင်ဒါယှဉ်ပြိုင်ထားသည့် ကုမ္ပဏီများ၏ Profile နှင့် Technical ပိုင်းဆိုင်ရာ အချက်အလက်များကို အမှတ်ပေးစည်းမျဉ်းများအတိုင်း စစ်ဆေးမည်ဖြစ်ပြီး ရရှိလာသည့် အမှတ်များကို ထုတ်ပြန်မည်မဟုတ်ကြောင်း၊ တင်ဒါယှဉ်ပြိုင်သည့်ကုမ္ပဏီများ၏ Profile နှင့် Technical ရမှတ်များကို စစ်ဆေးပြီးနောက် အောင်မြင်သည့်ကုမ္ပဏီများကို နေ့ရက်တစ်ခုသတ်မှတ်၍ အကြောင်းကြားကာ Price (စျေးနှုန်း) အတွက် ဆက်လက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။                                

 

 

Most Read

Most Recent