လာလီဂါပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 2 February 2020

လီဟာနက်စ် - ဆိုစီဒက် (တနင်္ဂနွေညနေ ၅:၃၀ နာရီ)

လီဟာနက်စ်ကလည်း ၂၀၂၀ ထဲအမှတ်ရဖို့ မနည်းကို ပြန်ရုန်းနေတာတွေ့ရတယ်။ အသင်းကစားပုံ တိုးတက်မှုရှိလာပေမယ့် တိုက်စစ်က ဂိုးရနှုန်းပုံမှန်မရှိလို့ ဆိုစီဒက်လိုအသင်းကို အိမ်ကွင်းမှာ ဖိအားပေးကစားနိုင်ဖို့ အတော်လေးကိုအားထုတ်ရလိမ့်မယ်။ ဆိုစီဒက်ကလည်း ဒီရာသီအဝေးကွင်းကစားပုံမဆိုးလှပေမယ့် ၂၀၂၀ ထဲမှာတော့ ခြေစွမ်းအနည်းငယ်လျော့လာသလိုပါပဲ။ ဂိုးအနည်းနဲ့ သရေကျသွားနိုင်တဲ့ပွဲလို့ ထင်တယ်။

 

အီဘာ - ဘက်တစ် (တနင်္ဂနွေည ၇:၃၀ နာရီ)

ဘက်တစ်ရဲ့အဝေးကွင်းကစားအားက စိတ်မချရသေးပါဘူး။ အထူးသဖြင့် ဘက်တစ်ရဲ့အဝေးကွင်းတိုက်စစ်ကစားပုံက အတက်အကျမြန်နေသေးတယ်။ အီဘာကတော့ ၂၀၂ဝထဲမှာ ကစားပုံတက်ရိပ်ပြနေတာတွေ့ရတယ်။ အိမ်ရှင်အီဘာနဲ့ ဂိုးအများကိုပဲ ပိုကြိုက်နေမိတယ်။

 

ဘီလ်ဘာအို - ဂီတာဖေး (တနင်္ဂနွေည ၉:၃၀ နာရီ)

ဂီတာဖေးကလည်း လှုပ်လှုပ်လှုပ်လှုပ်နဲ့ အဆင့် (၄)ထိ ရောက်လာတာတွေ့ရတယ်။ အခုနောက်ပိုင်း အဝေးကွင်းပွဲတွေမှာလည်း မထင်ရင်မထင်သလို ကစားပြလာနိုင်တယ်။ ဘီလ်ဘာအိုကလည်း ဒီနောက်ပိုင်းမှာ သရေပွဲတွေဆက်နေပြီး တိုက်စစ်က ဂိုးရနှုန်းပုံမှန်မရှိသလိုဖြစ်နေတယ်။ ဒီလိုအခြေအနေမှာတော့ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

 

ဆီဗီလာ - အလာဗတ်စ် (တနင်္ဂနွေည ၁၂:၀၀ နာရီ)

ဆီဗီလာကတော့ အဆင့် (၃)နေရာမြဲဖို့ ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ အလာဗတ်စ်ကလည်း အဝေးကွင်းမှာ ခြေရှုံးအသင်းလို ဖြစ်နေလို့ သတိတော့ထားရလိမ့်မယ်။ အထူးသဖြင့် အလာဗတ်စ်ရဲ့ အဝေးကွင်းခံစစ်ပိတ်ဆို့ကစားတတ်ပုံက ဂိုးသွင်းနှုန်း အားရစရာမရှိသေးတဲ့ ဆီဗီလာအတွက် ဂိုးရဖို့ခက်ခက်ခဲခဲက စားယူရမယ့်ပုံပါပဲ။ အလာဗတ်စ်ဟာ အဝေးကွင်း နောက်ဆုံးကစားခဲ့တဲ့ပွဲကိုလည်း နိုင်ပွဲရအောင်ကစားထားနိုင်လို့ ဆီဗီလာကို ယုံယုံကြည်ကြည်နဲ့ထိန်းကစားဦးမှာသေချာတယ်။ ဆီဗီလာက လည်း ၂၀၂၀ အဝင်မှာ

ရလဒ်ငြိမ်အောင်ပြန်ကြိုးစားယူနေ တာတွေ့ရပြီး အိမ်ကွင်းဂိုးရနှုန်းကလည်း အားရစရာသိပ်မရှိလို့ အလာဗတ်စ်ကို လွယ်လွယ်ကျော်ဖြတ်နိုင်ဖို့တော့မရှိပါဘူး။ အစဉ်အလာတွေအရ ဆီဗီလာအသာရထားပေမယ့် ရလဒ်ပိုင်းမှာတော့ ပြတ်သားမှုသိပ်မရှိခဲ့တာကိုကြည့်ရင် ဒီပွဲလည်း ဆီဗီလာနိုင်တော့နိုင်မယ်။ ဂိုးပြတ်အနိုင်မျိုးတော့ မဖြစ်နိုင်ဘူးလို့ပဲ ထင်တယ်။ (၁-ဝ)၊ (၂-ဝ)၊

(၂-၁) တစ်ခုခုပဲဖြစ်နိုင်တယ်။

 

ဗီလာရီးယဲလ် - အိုဆာဆူနာ (တနင်္ဂနွေည ၁၂:၀၀ နာရီ)

၂၀၂၀ ထဲမှာ ဗီလာရီးယဲလ်ခြေစွမ်းအတက်အကျ ရှိနေသေးတယ်။ အိမ်ကွင်းနောက်ဆုံးပွဲမှာလည်း အက်စ်ပန်ညိုကို အရှုံးပေးထားရလို့ အခုလည်း အဝေးကွင်းမှာ ပိတ်ဆို့ကစားရင်း သရေပွဲတွေရအောင် ယူတတ်တဲ့ အိုဆာဆူနာကို ခက်ခဲစွာရင်ဆိုင်ရဦးမှာပါ။ အထူးသဖြင့် အခုနောက်ပိုင်း အိုဆာဆူနာရဲ့ခံစစ်ပိုင်းပိုငြိမ်လာမှုက ဗီလာရီးယဲလ်ကို အခက်တွေ့သွားစေနိုင်ပါတယ်။ ဒါပေမဲ့ စပိန်ဘုရင့်ဖလားနဲ့ လာလီဂါပွဲဆက်မှုတွေကြားမှာ အိုဆာဆူနာအနေနဲ့လည်း အခက်တွေ့နိုင်ဖွယ်ရှိနေတယ်။ အိမ်ကွင်းလည်းဖြစ်လို့ ဗီလာရီးယဲလ်ကိုပဲ ပိုကြိုက်နေမိတယ်။

 

ဘာစီလိုနာ - လီဗန်တေး (တနင်္လာနံနက် ၂:၃၀ နာရီ)

ဘာစီလိုနာကတော့ နည်းပြသစ် ဆယ်တီယန်လိုချင်တဲ့ ပုံစံရဖို့ကို အဓိကဦးစားပေးကစားနေရတဲ့ပုံပါပဲ။ ဘောလုံးပိုင်ဆိုင်မှုကတော့ တက်လာပေမယ့် တိုက်စစ်ကို ထိရောက်တဲ့ ပံ့ပိုးနိုင်မှုမရှိသေးသလို၊ တိုက်စစ်ကလည်း ဂိုးရဖို့ရုန်းကန်လာနေရတာ တွေ့ရတယ်။ ဆွာရက်ဇ် မကစားနိုင်လို့ အားနည်းနေတဲ့အချိန်မှာ တစ်ဖက်မှာလည်း နည်းပြအကြိုက် လိုက်ကစား ဖို့ ကြိုးစားရင်းက ဘာစီလိုနာရဲ့ဂိုးသွင်းနှုန်းက  အိမ်ကွင်းမှာတောင် သိပ်စိတ်မချရတော့ဘူး။ အခုရင်ဆိုင်မယ့် လီဗန်တေး ကလည်း ဂရန်နာဒါလိုပဲ ပထမအကျော့မှာ ဘာစီလိုနာကို အနိုင်ကစားထားတဲ့ အသင်းဖြစ်လို့ ဘာစီလိုနာအတွက် လွယ် ကူတဲ့ပြိုင်ဘက်မဟုတ်ဘူး။ ဒီပွဲလည်း ဘာစီလိုနာခံစစ်က သတိကြီးကြီးနဲ့ ကစားနိုင်မှဖြစ်လိမ့်မယ်။ လီဗန်တေးက အဝေးကွင်း ခြေမမှန်ပေမယ့်လည်း မထင်ရင်မထင်သလို ပြိုင်ဘက်ကို အခက်တွေ့အောင် ကစားတတ်တဲ့အသင်းဖြစ်လို့ ဘာစီလိုနာ အရင်လို အလွယ်တကူနိုင်ဖို့တော့ မျှော်လင့်လို့မရဘူး။ နူးကမ့်မှာ ကစားရမှာဖြစ်လို့ ဘာစီလိုနာနဲ့ ဂိုးအနည်းပဲရွေးထားမယ်။

 

Most Read

Most Recent