စီးရီးအေပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 2 February 2020

 

ဂျူဗင်တပ်စ် - ဖီအိုရင်တီးနား (တနင်္ဂနွေညနေ ၆:၀၀ နာရီ)

ဟီဂွါအင်က ဂျူဗင်တပ်စ်တိုက်စစ်မှာ လူပိုတစ်ယောက်လို ဖြစ်လာပြီ။ တိုက်စစ်တွဲဖော်တွဲဖက် ဒီဘားလားနဲ့ စီရော်နယ်လ်ဒိုတို့ ရုန်းကန်နေရချိန်မှာ ဟီဂွါအင်ရဲ့ကစားအားကသာမန်ထက်မပိုဘူး။ နောက်ဆုံးကစားခဲ့တဲ့ ပါးမား၊ ရိုးမား၊ နာပိုလီအသင်းတို့နဲ့ပွဲတွေမှာ ဟီဂွါအင်ရဲ့ Rating က အတော်အားနည်းခဲ့တယ်။ နည်းပြဆာရီက အခုအချိန်အထိ ဂျူဗင်တပ်စ်အတွက် အကောင်းဆုံးအစုအဖွဲ့ကို  ရှာမတွေ့သေးဘူး။ သူအားသန်တဲ့ ကွင်းလယ်နဲ့ တောင်ပံတိုက်စစ်ဗဟိုပြုကစားဟန်ကို ဂျူဗင်တပ်စ်မှာ ပုံမဖော်နိုင်သေးဘူး။ တစ်ဦးချင်းထူးချွန်သူတွေကြောင့်သာ ဂျူဗင်တပ်စ် အမှတ်ပေးဇယားထိပ်ဆုံးနေရာ ပိုင်ဆိုင်ထားတာပါ။ ဖီအိုရင်တီးနားက အသင်းကြီးတချို့နဲ့ပွဲစဉ်မှာ ရလဒ်ကောင်းယူထားသလို၊ ပထမအကျော့တုန်းကလည်း ဂျူဗင်တပ်စ်ကို သရေခံကစားထားလို့ ဂျူဗင်တပ်စ် ပေါ့ဆလို့မရဘူး။ ဂျူဗင်တပ်စ် အနိုင်သေချာပေမယ့် (၂)ဂိုးပြတ်၊ မပြတ် စဉ်းစားရမယ်။ 

 

အတ္တလန်တာ - ဂျီနိုအာ (တနင်္ဂနွေည ၈:၃၀ နာရီ)

SPAL နဲ့ပွဲတုန်းကလိုအမှားမျိုး အတ္တလန်တာ ထပ်မှားမယ်မထင်ဘူး။ ဒီပွဲမတိုင်မီမှာ  တိုရီနိုအသင်းကို ဂိုးပြတ်သွင်းပြီး ပေါက်ကွဲပြထားတဲ့ ကစားပုံမျိုးနဲ့ဆိုရင် တန်းဆင်းဇုန်ထဲက ဂျီနိုအာလည်း မြေစာပင်ဖြစ်သွားပါလိမ့်မယ်။ အဝေးကွင်းနောက်ဆုံး ပွဲ (၂၀) ဆက်နိုင်ပွဲပျောက်ထားတဲ့ ဂျီနိုအာအတွက် မျှော်လင့်ချက် လုံးဝမရှိတဲ့ပွဲမျိုးဖြစ်ပြီး အိမ်ကွင်းနောက်ဆုံး (၁၂)ပွဲမှာ (၁၁)ပွဲအထိ ဂိုးမြူးထားတဲ့ အတ္တလန်တာ ဂိုးပြတ်နိုင်မယ်။ 

 

အေစီမီလန် - ဗီရိုနာ (တနင်္ဂနွေည ၈:၃၀ နာရီ)

အေစီမီလန်က ပြိုင်ပွဲစုံ(၅)ပွဲဆက် အနိုင်ရထားပြီး ဦးပြန်မော့နေပေမယ့် သိပ်စိတ်မချရသေးဘူး။ ခံစစ်က ဂိုးတွေပြန်ပေးနေရတာ အေစီမီလန်ရဲ့ အားနည်းချက်လိုဖြစ်နေပြီး နောက်ဆုံး (၅)ပွဲဆက်ရှုံးပွဲမရှိသေးတဲ့ ဗီရိုနာက အေစီမီလန်ကို အခက်တွေ့အောင်  လုပ်ပြနိုင်စွမ်းရှိပါတယ်။  ဒီနှစ်သင်းက ဥရောပပြိုင် ပွဲဝင်ခွင့်မျှော်လင့်ချက်အတွက်အပြိုင်ဖြစ်နေလို့လည်း အေစီမီလန် အလွန်ဆုံးကပ်နိုင်ရုံပါပဲ။ 

 

လာဇီယို - SPAL (တနင်္ဂနွေည ၈:၃၀ နာရီ)

နောက်ဆုံး(၆)ပွဲမှာ SPAL က နိုင်ပွဲ (၂)ပွဲရယူကာ တန်းဆင်းဇုန်က လွတ်အောင်ရုန်းကန်နေပြီး အတ္တလန်တာကို အဝေးကွင်းမှာအနိုင်ကစားတဲ့အထိ မထင်မှတ်တာတွေလုပ်ပြထားပါ တယ်။ ဒါပေမဲ့ ချန်ပီယံဆုမျှော်လင့်နိုင်တဲ့အထိ အခြေအနေကောင်းနေတဲ့ လာဇီယိုကို အဝေးကွင်းမှာ SPAL ဂိုးပြတ်မရှုံးအောင်ပဲ ဦးစားပေးရမယ်ထင်တယ်။ လာဇီယို အနိုင်သေချာပြီး ဂိုးလည်းပြတ်ပါလိမ့်မယ်။ 

 

လက်ချီ - တိုရီနို (တနင်္ဂနွေည ၁၁:၃၀ နာရီ)

အိမ်ကွင်းနောက်ဆုံးပွဲမှာ အင်တာမီလန်ကို သရေကစားနိုင်ခဲ့လို့ ဒီပွဲမှာလည်း လက်ချီ မျှော်လင့်ချက်ရှိနေပါတယ်။ တိုရီနိုက ခံစစ်လုံခြုံမှုအားနည်းနေပြီး စိတ်ပိုင်းဆိုင်ရာနိမ့်ပါးနေပုံလည်း ရတယ်။ လက်ချီ မရှုံးအောင်ကစားမယ်ထင်တယ်။

 

အူဒီးနီးစ် - အင်တာမီလန် (တနင်္လာနံနက် ၂:၁၅ နာရီ)

(၃)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ အင်တာမီလန်အတွက် နောက်ထပ်ပွဲကျပ်တစ်ပွဲဖြစ်လာနိုင်ပါတယ်။ ပွဲပယ်ပြစ်ဒဏ်ကြောင့် လော်တာရိုမာတီနက်ဇ် မပါဝင်နိုင်ရင် နောက်ဆုံး (၃)ပွဲမှာ တစ်ဂိုးထက်ပိုမသွင်းနိုင်တဲ့ အင်တာမီလန်တိုက်စစ်ပိုယိမ်းယိုင်သွားနိုင်တယ်။ အဲရစ်ဆင်က အင်တာမီလန်ရဲ့ ပြဿနာတွေကို ချက်ခြင်းဖြေရှင်းပေးနိုင်ဦးမယ်မထင်ဘူး။ အိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ (၁)ပွဲသာရှုံးထားတဲ့ အူဒီးနီးစ် အမှတ်ရပါလိမ့်မယ်။

 

 

Most Read

Most Recent