အမုန်းစကားနှင့် သတင်းအတု၊ သတင်းအမှားများ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုမရှိရေး ၀ိုင်းဝန်းတားမြစ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မေတ္တာရပ်ခံ

အမုန်းစကားနှင့် သတင်းအတု၊ သတင်းအမှားများ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုမရှိရေး ၀ိုင်းဝန်းတားမြစ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မေတ္တာရပ်ခံ
Published 1 February 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမုန်းစကားနှင့် သတင်းအတု၊ သတင်းအမှားများ ဖြန့်ဝေမှု မရှိစေရေး ၀ိုင်းဝန်းတားမြစ်ပေးစေလိုသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။ 

ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် လာမည့်ရွေးကောက်ပွဲတွင် ပထမအကြိမ် မဲပေးမည့် လူငယ်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်သူလူထုအတွင်း ဆိုရှယ်မီဒီယာ အသုံးပြုမှုသည် မြင့်မားလျက်ရှိရာ အမုန်းစကားဖြင့် တိုက်ခိုက်ခြင်း၊ သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေခြင်းတို့ရှိနေသည်ဟု ဦးမြင့်နိုင်က ဆိုသည်။

“ ဆိုရှယ်မီဒီယာအပေါ်က တိုက်ခိုက်နေမှုတွေက ဒီမိုကရေစီဖြစ်စဉ်များကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်ဆိုတာ အားလုံးတွေ့ကြရမှာ ဖြစ်ပါတယ်။ မကြာခင် ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အဲဒီလိုအမုန်းစကားနဲ့ တိုက်ခိုက်မှုတွေ သတင်းအမှား ထုတ်လွှင့်မှုတွေရှိခဲ့ရင် ရွေးကောက်ပွဲအပေါ်လည်း  သက်ရောက်နိုင်တဲ့အတွက် ၀ိုင်းဝန်းတားမြစ်ပေးကြဖို့ တက်ရောက်လာတဲ့သူတွေ အားလုံးကို  မေတ္တာရပ်ခံအပ်ပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။ 

အဆိုပါကိစ္စရပ်များ မပေါ်ပေါက်ရေးစေရေးနှင့်  မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းများ  ဆောင်ရွက်ရေးတို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏  Facebook စာမျက်နှာ Union Election Commision ကို ယခုလအတွင်း ပြန်လည်အသုံးပြုရန်ရှိသည်ဟု ၎င်းက ဆိုသည်။

“ ဒီလထဲပဲ။ ပြန်သုံးတဲ့အကြောင်း အရင်းက မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းတွေပေါ့။ မဲဆန္ဒရှင်အားလုံး သိအောင်ပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို အသံနဲ့လည်း လုပ်မယ်။ ရုပ်နဲ့လည်း လုပ်မယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ပက်သက်သည့် အကြောင်းအရာများကို ကော်မရှင်၏ Facebook စာမျက်နှာတွင် ၂၀၁၇ နိုဝင်ဘာ ၁၇ ရက်မှစ၍ ဖော်ပြခြင်းမရှိခဲ့ပေ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် Facebook စာမျက်နှာကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် စတင်သုံးစွဲခဲ့ပြီး လူမှုကွန်ရက် အသုံးပြုမှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့နှင့်  လုပ်ငန်းအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းမရှိ၍ မလိုလားအပ်သည့် ကိစ္စရပ်များ မပေါ်ပေါက်စေရန် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် သုံးစွဲမှုရပ်နားခဲ့သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေက  လွှတ်တော်တွင် ပြောကြားထားသည်။

ထို့ကြောင့် ကော်မရှင်၏ Facebook စာမျက်နှာကို ပြန်လည်အသုံးပြုရာတွင် စနစ်တကျရှိစေရန် ဆိုရှယ်မီဒီယာအသုံးပြုမှု ကြီးကြပ်ရေးကော်မတီနှင့် ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့တို့ကို ဖွဲ့စည်းထားရှိပြီး ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကော်မရှင်၏ Facebook စာမျက်နှာတွင် ဖော်ပြခြင်းမရှိချိန်တွင် ကော်မရှင်၏ ဆောင်ရွက်ချက်များကို ကော်မရှင်ဝက်ဆိုက် စာမျက်နှာဖြစ်သည့် uec. Gov.mm တွင် ဖော်ပြခဲ့သည်။

 

 

 

Most Read

Most Recent