အဲရစ်ဆင်ကို အင်တာမီလန်သို့ ရောင်းထုတ်ခဲ့ပြီးနောက် PSVမှ ဘာ့ဂ်ဝင်းကို ခေါ်ယူရန် စပါးအသင်း သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ

အဲရစ်ဆင်ကို အင်တာမီလန်သို့ ရောင်းထုတ်ခဲ့ပြီးနောက် PSVမှ ဘာ့ဂ်ဝင်းကို ခေါ်ယူရန် စပါးအသင်း သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ
Published 28 January 2020

 

စပါးအသင်းသည် ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို အင်တာမီလန်အသင်းထံ ရောင်းထုတ်ခဲ့ပြီးနောက် PSVအသင်းမှ နယ်သာလန်တောင်ပံကစားသမား စတီဗင် ဘာ့ဂ်ဝင်းကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

စပါးအသင်းသည် အဲရစ်ဆင်ကို အင်တာမီလန်အသင်းထံ ပေါင်သန်း(၂၀)ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေး၏ (၁၀%)ကို အဲရစ်ဆင်၏အသင်းဟောင်း အေဂျက်စ်ထံ ခွဲ ပေးရမည်ဖြစ်ကြောင်းလည်း သိရသည်။ 

အဲရစ်ဆင်သည် တနင်္လာနေ့က အင်တာမီလန်အသင်းနှင့် ဆေးစစ်မှုခံယူခဲ့သလို၊ ယင်းနေ့တွင်ပင် စပါးအသင်းကလည်း စတီဗင်ဘာ့ဂ်ဝင်း နှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

စပါးအသင်းသည် ဘာ့ဂ်ဝင်း(၂၂ နှစ်)ကို ပေါင်(၂၁)သန်းဖြင့် ခေါ်ယူရန် PSV အသင်းနှင့် သဘောတူညီမှုရရှိထားသည့်အတွက် ကစားသမားနှင့် အသေးစိတ်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သို့သော် ယင်းအခြေအနေတွင် ဒတ်ချ်မီဒီယာများက ဘာ့ဂ်ဝင်းအား PSV အသင်းထံမှ ခွင့်ပြုချက်မရဘဲ စပါးနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာခဲ့ ကြောင်းလည်း သိရှိရသည်။

ထို့ကြောင့် စတီဗင်ဘာ့ဂ်ဝင်းက ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း Instagram မှတစ်ဆင့် ဗီဒီယိုဖိုင်ဖြင့် ပြန်လည်ရှင်းလင်းခဲ့ရသည်။ 

ဘာ့ဂ်ဝင်းသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က PSVအသင်းနှင့် FCတွမ်တီးအသင်းတို့ ယှဉ်ပြိုင်ခဲ့သောပွဲကို ပါဝင်မကစားဘဲ စပါးအသင်းနှင့် ဆွေးနွေးရန် လန်ဒန်သို့ ထွက်ခွာခဲ့ကြောင်း၊ ယင်းအတွက် PSV နည်းပြထံမှ ခွင့်ပြုချက်ရယူခဲ့ခြင်းမရှိကြောင်း ဒတ်ချ်မီဒီယာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

ဘာ့ဂ်ဝင်းက ''ကျွန်တော့်အကြောင်းရေးနေတာတွေ အများကြီးဖတ်ရပါတယ်။ ကျွန်တော် တကယ်စိတ်ပျက်မိပါတယ်။ အဲဒါတွေက အမှန်မဟုတ်ပါဘူး။ ကျွန်တော် PSVအတွက် ကစားဖို့ ဘယ်တုန်းကမှ မငြင်းဆန်ခဲ့သလို၊ ဘယ်တော့မှလည်း ငြင်းဆန်မှာ မဟုတ်ပါဘူး။ ကျွန်တော်မနက်က နည်းပြ အားနက်စ်ကို စပါးအသင်းနဲ့ ဆွေးနွေး ဖို့ရှိကြောင်း ပြောပြခဲ့ပြီး သူကလည်း ခွင့်ပြုခဲ့ပါတယ်။ ကျွန်တော့်ကို ကံကောင်းပါစေလို့တောင် ဆုတောင်းပေးခဲ့ပါသေးတယ်''ဟု ဖြေရှင်းခဲ့သည်။ 

ဘာ့ဂ်ဝင်းက စပါးအသင်းနှင့် ဆွေးနွေးမှုအခြေအနေကို ပြောကြားခဲ့ခြင်းမရှိသော်လည်း ဗြိတိန်မီဒီယာများကမူ သဘောတူညီမှုရရှိခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း စာချုပ်ချုပ်ဆိုတော့မည်ဟု ဖော်ပြခဲ့ကြသည်။ 

 

Most Read

Most Recent